Saturday, September 28, 2013

လက်ထပ်စာချုပ်နှင့် ကျွန်မ အမြင်

လူရယ်လို့ ဖြစ်လာသောအခါ လူပီသတဲ့ တာဝန်တွေအားလုံးကို မဖြစ်မနေ ထမ်းဆောင်ကြရ ပါသည်။ထိုထိုသော များမြောင်လှသည် တာဝန်များစွာထဲတွင် အိမ်ထောင်ဟူသော ဝန်ထုပ် ဝန်ပိုးကြီးတစ်ရပ်လည်း ပါဝင်ကြောင်းကတော့ အများအသိဖြစ်သည်။သို့သော် အိမ်ထောင်ပြု ခြင်းဟူသည် မည်သူအတွက်ပါလဲ….မည်သူတွေသာပြီး မည်သူတွေနာကြမည်လဲဆိုတာ ကြိုတင်ခန်းမှန်းရခက်သော ဘဝရဲ့ မေးခွန်းတစ်ပုဒ်ဟု ကျွန်မကတော့ ယူဆသည်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ မိန်းမနှင့်ယောကျာ်း ချစ်ခင်မြတ်နိုးလို့သော်လည်းကောင်း မိဘပေးစားကြလို့သော်လည်းကောင်း အိမ်ထောင်ပြုကြပြီဆိုသည်နှင့် တပြိုင်နက် ပထမဆုံး ရှူံးနိမ့်ကြသူများကတော့ ကျွန်မတို့ အမျိုးသမီးများသာဖြစ်ကြကြောင်းမှာ အထူးပြောစရာမလို သော ဖြစ်ရပ်တစ်ခုသာဖြစ်သည်။
မြန်မာအမျိုးသမီးတော်တော်များများက လက်ထပ်ခြင်းဟူသည်မှာ ယောက်ျားတစ်ယောက်ကို ချည်နှောင်သော ကြိုးတစ်ချောင်းဟုယူဆကာ မိမိချစ်သူကိုပဲဖြစ်စေ မိမိက ချစ်နေရသော ယောကျာ်းတစ်ယောက်ကိုပဲဖြစ်စေ အကြောင်းမျိုးစုံပြကာ လက်ထပ်ရန်ကြိုးပမ်းကြသည်။ ပရိယာယ်တွေ မာယာတွေသုံးကြသည်။ လက်မထပ်ထပ်ချင်လာအောင် ဆွဲဆောင်ကြသည်။
အိမ်ထောင်မှူတာဝန်တွေ ဘယ်လိုနိုင်နင်းပါကြောင်း ကလေးတွေကို ဘယ်လိုချစ်တတ်ပါ ကြောင်း အစပြုကာ ယောကျာ်းတစ်ယောက်ကို သိမ်းသွင်းချင်ကြသည်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို လက်ထပ်ခွင့်တောင်းခံပြီဆိုလျှင်လည်း ကျန်သူငယ်ချင်းမိန်းကလေးများကပါ ဝိုင်းဝန်းအားကျပြီး သူမလိုကံကောင်းချင်လိုက်တာ ဟုစိတ်ကူးယဉ်ကြသည်။ ဒါကိုပဲ အထူးဆုကြီးတစ်ခုလို ဂုဏ်ယူမဆုံး ကြွားမဆုံးဖြစ်ကြသည်။
ကျွန်မအမြင်မှာတော့ အင်မတန်မှ ရူးသွပ်လှသော စိတ်ကူးယဉ်ဆန်မှူကြီးတစ်ခုပဲဖြစ်သည်။
မိန်းမအများစုက ယောကျာ်းတစ်ယောက်နှင့်ချစ်သူဖြစ်ကြပြီဆိုသည်နှင့် အမြန်ဆုံးလက်ထပ်ဖို့ ကို စိတ်ကူးကြသည်။ အဘယ်ကြောင့်ဆိုသော် ချစ်လို့ စိတ်မချလို့ သူများနောက်ပါသွားမှာစိုး လို့် စသည်ခေါင်းစဉ်အမျိုးမျိုးနှင့် ယောက်ယက်ခတ်ကြသောကြောင့်ဖြစ်သည်။
တကယ်တော့ လက်ထပ်ခြင်းဆိုသည်မှာ မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို ချည်နှောင်သောကြိုးမဟုတ်ပါ။ ယောက်ျားတစ်ယောက် ကမိန်းမတစ်ယောက်ကို ကိုယ်ပိုင်
ဘုံကျွန်အဖြစ် တသက်စာ စာချုပ်ချုပ်လိုက်သော ကျွန်စာချုပ်တစ်ခုသာ ဖြစ်သည်ဟူ ကျွန်မ
ယူဆသည်။ မိန်းမတွေက ယောကျာ်းတစ်ယောက်ရပြီဆိုလျှင် ခိုင်းနွားတစ်ကောင်ရသလို တသက်လုံးလုပ်ကျွေးမည့်သူရပြီဟု ဂုဏ်ယူကြသည်။ တကယ်တော့ မဟုတ်ပါ။ ထိုယောက်ျား ကသာ ဒီမိန်းမကို တသက်လုံးစာအတွက် နဖားကြိုးထိုးသော့တံဆိပ်ခတ်နှိပ်လိုက်ခြင်းသာ ဖြစ်လေသည်။ ကိုယ်ကိုတိုင် နွားဖြစ်မှန်းမသိဖြစ်သွားကြသော ထိုအမျိုးသမီးတွေကတော့ အိမ်ထောင်မပြုပဲကိုယ်ပိုင်ယုံကြည်ချက်နှင့်ရပ်တည်နေကြသော မိန်းမတွေကို  ပြန်ကြည့် ပြီး စုတ်သတ်ကြသည်။ သနားစရာကောင်းလိုက်တာဟုဆိုကာ ကွယ်ရာတွင် အတင်းပြော ကြသည်။ အမှန်တကယ်ကတော့ အိမ်ထောင် ပြုပြီးသွားသည်နှင့် တပြိုင်နက် မိန်းမတွေဟာ ယောက်ျားတစ်ယောက်ရဲ့ တာဝန်တွေကို ခေါင်းကအစပြုလို့ ခြေထောက်အဆုံး အိမ်ထောင်မှူတာဝန်ဗာဟီရကအစ အရာခပ်သိမ်း တာဝန်ယူရတော့သည်။ ကလေးတွေမွေးဖို့ကလည်း ဒီမိန်းမတာဝန်…ကလေးတွေလိမ်မာ ရေးခြားရှိအောင် ထိမ်းကျောင်းတာကအစ နောက်ဆုံးအသက်တွေကြီးလာပြီး ဒီသားသမီး တွေ အိမ်ထောင်ရက်သားချပေးတာကအဆုံး မိန်းမတစ်ယောက်ရဲ့ အခန်းကဏ္ဍချည်းသာ ဖြစ်ကုန်တော့သည်။ ကဲ…ဘယ်နေရာမှာများ ကျွန်မတို့ မိန်းမတွေ အသာစီးရနေပါသေးလဲ..
ဒါတောင်ယောက်ျားက ကောင်းနေဦးမှ…ကိုယ်ယူမိသည့်ယောကျာ်းက ပိုက်ဆံများများရှာနိုင် သည့်သူမျိုးဖြစ်လို့ကတော့ ပိုတောင်ဆိုးဦးမည်။ မိသားစုကို လိုလေသေးမရှိထားပြီး ကာရာ အိုကေတို့ နိုက်ကလပ်တို့မှ မိန်းကလေးများနှင့်ရုပ်ရှင်ရိုက်တတ်သော အမျိုးကောင်းသားကြီး များကြောင့် မျက်ရည်ကျရသော အိမ်ထောင်ရှင်မမများ ဘယ်နှယောက်ရှိကြပြီလဲ…
ငါ့ယောက်ျားလေးကတော့ ရိုးပါတယ် မရှုပ်မပွေ မသောက်မစား မိန်းမနားကပ်ပြီး အိမ်မြဲတယ် ဆိုသော အမျိုးကောင်းသားလေးများ မရှိမဟုတ်…ရှိပါသည်။ သို့သော် ထိုသို့သောယောကျာ်း အများစုမှာ အပေါင်းအသင်းမဆန့် လူတောမဝင် ဘာမှလုပ်စရာမရှိသောကြောင့် အချိန်တန် အိမ်ပြန် ချည်တိုင်နဲ့ နွားလိုလူမျိုးများဖြစ်နေတတ်ကြသည်။ များသောအားဖြင့် ထိုသို့သော မိသားစုများတွင် မိန်းမက ငွေရှာကောင်းသူများဖြစ်နေတတ်ပြီး မိန်းမသြဇာလွှမ်းမိုးသော မိသားစုများဖြစ်တတ်သည်။ ဒါဖြင့် သူတို့လိုလူများအတွက် လက်ထပ်ခြင်းက ကောင်းသည်ဟု ယူဆပါသလား…ဘယ်နှယ့် ယောကျာ်းတစ်ယောက်ကို လက်လည်းထပ်ရသေး…အိမ်ထောင် မှူတာဝန်တွေလည်းယူရသေး…ပိုက်ဆံလည်း ပိုရှာရသေးဆိုတော့ ဘယ်မှာလည်း အမြတ်၊ တွေးကြည့်လျှင်ကိုယ့်ဖက်က အနာချည်းသာဖြစ်သည်။
တစ်ချို့ အမျိုးသမီးငယ်လေးများက မိမိချစ်သူ အကြောင်းအမျိုးမျိုးကြောင့် ခရီးရှည်ထွက်ရတာ မျိုးများတွင် လက်ထပ်ထားကြရအောင်ဟု ပူဆာတတ်ကြသည်။ သူတို့ စိတ်ထဲမှာ ထိုစာချုပ် တစ်ခုဖြင့် ယောက်ျားတစ်ယောက်ရဲ့ ဘဝကို ချုပ်ကိုင်ခြယ်လှယ်နိုင်လိမ့်မည်ဟု ယူဆကြသည်
တကယ်တော့ ဒါဟာ စိတ်ကူးယဉ်မှူသက်သက်သာ ဖြစ်ပါသည်။ ယောက်ျားများသည် တစ်ခါ တစ်ရံ ကြောင်များနှင့်တူသည်။ သခင်အနားမှာ ပွတ်သတ်ချွဲနွဲ့ နေတတ်ပြီး သူတို့ စိတ်အခန့် မသင့်လျှင် သူတို့ သွားချင်ရာထွက်ခွာသွားတတ်သော ကြောင်လိုယောကျာ်းများကို ချုပ်ကိုင် တားဆီးနိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူသော အရာဖြစ်သည်။
ယောကျာ်းတစ်ယောက်ကို ချည်နှောင်ချင်လို့ လက်ထပ်ခိုင်းသော မိန်းမတစ်ယောက်အတွက် တော့ ထိုလက်ထပ်စာချုပ်တစ်ခုဟာ မိမိလည်ပင်းကို မိမိပြန်စွပ်လိုက်သော ကြိုးတစ်ကွင်းပင် ဖြစ်လေသည်။ ထိုယောကျာ်းအတွက်တော့ နာစရာမရှိ၊ ထိုမိန်းမတစ်ယောက်အတွက်သာ အချိန်တန်လို့မှ ဒီယောကျာ်းက ကိုယ့်အပေါ် မကောင်းခဲ့သော် အကျင့်စရိုက်ညံ့ဖြင်းသူဖြစ်နေ ခဲ့သော် ထွက်ပြေးချင်တိုင်းပြေးလို့မရတော့သော စာချုပ်ကြီးဖြင့် အသတ်ခံရပြီဖြစ်လေသည်။
ထိုယောက်ျားက အလိုမရှိတော့မှ လွတ်လပ်ခွင့်ရနိုင်တော့မည်ဘဝ ကျားသနားမှ နွားချမ်းသာ ဆိုသော ဘဝကို အလိုလိုရောက်ရှိသွားပြီဖြစ်လေသည်။
ယောက်ျားဆိုတာမျိုးကတော့ အိမ်ထောင်မပြုခင်ဖြစ်စေ ပြုပြီးသွားလျှင်ပဲဖြစ်စေ သူတို့အတွက် သိပ်ထူးထူးခြားခြားဖြစ်သွားသည်မဟုတ်၊ အိမ်က မထွက်ခင်သာ အိမ်ထောင်ရှင်ယောကျာ်း… အိမ်တံခါးဖြတ်ထွက်လိုက်သည်နှင့် သူ့ ကိုယ်သူ လူပျိုဟုယူဆသော အမျိုးသားများက ၁၀၀တွင်  ၉၉ယာက် ရှိသည်ဟု ကျွန်မယုံကြည်သည်။အိမ်ထောင်ရှိပြီးယောကျာ်းတစ်ယောက်  နောက်မိန်းကလေး တစ်ယောက်တွဲတော့ရော ဘယ်ဥပဒေနှင့်မှ တရားစွဲလို့မရပါ.. မည်သူကမှလည်း နှာခေါင်းမရှုံ အပြစ်မတင်ကြပါ…ယောကျာ်းလေးပဲ ဆိုကာ တချို့ ဆို ယောက်ျားချင်းတောင် အားကျနေ လိုက်ပါသေးရဲ့….အိမ်ထောင်ကျပြီး မိန်းမတစ်ယောက် သူမရဲ့ အမျိုးသားသူငယ်ချင်းနဲ့ ယောကျာ်းမပါပဲတွဲသွားမိပြီဆိုတာနဲ့ ပတ်ဝန်းကျင်တို့ အဆွေအမျိုးတို့ အမြင်မှားလွဲမှားမှူက စတင်လေပြီ…လက်မထပ်ရသေးတဲ့မိန်းကလေးတစ် ယောက် ယောကျာ်းလေးတစ်ယောက်နဲ့ တွဲသွားတာ ရည်းစားတွေနေမှာပေါ့လို့ ဖေါ့တွေး တတ်ကြပေမယ့် လက်ထပ်ပြီး မိန်းမ တစ်ယောက် ထိုသို့သွားတာမျိုးကြတော့ လက်ညှိုးထိုး အပြစ်တင်နိုင်ကြသည်မှာလည်း ကျွန်မတို့ မြန်မာမှူ အသိုင်းအဝိုင်းမှာပဲဖြစ်လေသည်။
တကယ်တော့ လက်ထပ်ခြင်းဟာ မကောင်းပါဟု ကျွန်မက ဇွတ်ကန့်ကွက်နေခြင်းမဟုတ်ပါ။
ကျွန်မတို့သည် လူ့ ဘောင် လူ့ အသိုင်းအဝိုင်းထဲမှ လူအများဖြစ်ကြသည့်အတွက် ခွေးများ ကြောင်များလို သွားချင်သလိုသွား နေချင်သလိုနေလို့တော့ မဖြစ်နိုင်ပါ။ ထိုသို့သော အမူအကျင့်များရှိသည့် အနောက်နိုင်ငံကြီးများလို living togetherဆိုသော အကျင့်စရိုက်ပျက် မှူများ လူ့ ကျင့်ဝတ်ချိုးဖေါက်မှူများရှိနေသည့် စနစ်ဆိုးကြီးကိုလည်း ကျွန်မ အားမပေးပါ။
လူရယ်လို့ ဖြစ်လာပြီးမှတော့ လူသားပီသစွာ လူသားတိုင်းပြုမှူအပ်သည် တာဝန်များကို လူသားတိုင်း ထမ်းဆောင်ရမည်သာဖြစ်သည်။
အရွယ်ရောက်ပြီးသော ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သော ယောကျာ်း မိန်းမတိုင်း
သည် တနေ့တွင်တော့ လက်ထပ်ကြရမည်ဖြစ်သည်။ လူပီသစွာ လူ့ အလုပ်တွေကို လုပ် ဆောင်ကြရမည်ဖြစ်သည်။
ကျွန်မ မယုံကြည်ခြင်းမှာ လက်ထပ်ခြင်းဖြင့် ယောကျာ်းတစ်ယောက်ကို ချည်နှောင်နိုင်သည်ဟူ သော ခပ်ကြောင်ကြောင်မိန်းမများရဲ့ စိတ်ကူးယဉ်မှူတစ်ခုကိုသာဖြစ်လေသည်။


အိရွှေရည်ဝင်း
 April 27, 2011 at 1:40pm

No comments:

Post a Comment