Saturday, September 28, 2013

ဒူဘိုင်းမြို့ 

ဒီမြို့ ..............
သဲမှူန်တွေ တဖွေးဖွေးပျံနေပေမယ့်
မင်းကိုယ်ပေါ် နေမခ လေမခတဲ့မြို့ ။
ဒီမြို့ ...........
ဝတိံပေါင်းကူးတံတားတွေများပေမယ့်
မင်းကိုယ်မင်း ပြန်ရှာမတွေ့ နိုင်တဲ့မြို့ ။
ဒီမြို့ ..........
အမိတက္ကသိုလ်ကြီးက ရလာတဲ့
ဂုဏ်ထူးဆောင်ဘွဲ့ လက်မှတ်တွေနဲ့
ငါတို့ မြန်မာအများစု
စားပွဲထိုး ကြမ်းတိုက်နေရတဲ့မြို့ ။
ဒီမြို့ ..........
မင်းတို့ မုန်းတဲ့ အဲဒီအမည်းကောင်တွေနောက်
ငါတို့ သွေးချင်းတွေ ကောက်ကောက်ပါနေတဲ့မြို့ ။
ဒီမြို့ ...........
လူမတန် ကံချ
အကပ်ကောင်းရင် ကောင်းသလိုတက်တဲ့မြို့ ။
ဒီမြို့ ..........
အာရပ်ပါးလေး အင်ဒီယန်းပါးလေးမှမဝရင်
ထမင်းထုတ်သိုးမယ့်မြို့ ။
ဒီမြို့ ...........
မင်းတို့ငါတို့မြန်မာတွေ
အမျိုးဂုဏ်ဇာတိဂုဏ်တွေ ဖွက်ပြီး
ပုဆိုးခြုံကြား လက်သီးပုန်းပြနေတဲ့မြို့ ။
ဒီမြို့ ...........
အသက်တွေ ဘယ်လောက်ကြီးသွားကြီးသွား
မင်း ကမ္ဘာမှာ မင်းဆရာပြန်မဖြစ်တဲ့မြို့ ။
ဒီမြို့ ............
ပန်းတွေ ဘယ်နှပွင့်ကြွေသွားပြီလဲ? ?
ငါတို့ အစ်ကို မောင်တွေ ဘယ်နှယောက် ကျဆုံးသွားပြီလဲ? ?
ဘယ်သူတွေ တိုက်ပွဲဝင်နေသလဲ? ?
ဘယ်သူကရော လူညွန့် ခူးပန်းပန်နေသလဲ ? ?
မင်းတို့ ငါတို့
အုတ်ရောရော ကျောက်ရောရောနဲ့ပဲ
ဟိုနားက တရားပွဲလေးထလုပ်လိုက်
ဒီနားက သီချင်းလေးတွေထဆိုလိုက်
ဟိုဖက်က စာပေပွဲလေးထရှိလိုက်
ဒီဖက်က ဘုန်းကြီးလေးပင့်ပြီး
ငါ့ဘုန်းကြီး သူမဖူးရ/သူ့ ဘုန်းကြီး ငါမဖူးရနဲ့
မြန်မာလူမျိုးတွေ ဘယ်တော့မှ မစည်းလုံးတဲ့မြို့ ။
နူတ်ခမ်းလေးတွေချိုပြီး
ကွယ်ရာမှာ မင်းအတင်းတွေထိုင်ထိုင်တုပ်တတ်တဲ့မြို့ ။
သေလောက်အောင် အလုပ်လုပ်လည်း
မင်းရှာသမျှတွေ ရွာမှာ ပြန်ကုန်တဲ့မြို့ ။
မင်းသယ်လာတဲ့ ဖရက်ရှာအိပ်မက်တွေကို
ထိုင်ထိုင်ဖျော်သောက်နေတဲ့မြို့ ။
ကိုယ့်လူမျိုးအချင်းချင်း
လှည့်ပတ်အမြတ်ထုတ်ရင်း
တိုင်းတပါးသားတွေကြား
ငါ့တို့မြန်မာတွေ မျက်နှာငယ်ရတဲ့မြို့ ။
အမေကျော်ဒွေးတော်လွမ်းတယ်ပြောရအောင်
မင်းအမေဘယ်မတုန်းလို့ မေးယူရမတတ်
သံရုံးငတ်တဲ့မြို့ ။
ဒီမြို့ .........
သောက်လေသောက်လေ ငတ်မပြေတဲ့
ဆားငန်ရည်လို
ငွေကြေး စည်းစိမ်တွေနောက်
ကောက်ကောက်ပါအောင်လိုက်ရင်း လိုက်ရင်း
မျောနေလို့မှ မျောမှန်းမသိ
ဆင်သေပေါ်က ကျီးမိုက်တွေများလာတဲ့မြို့ ။         ။

By အိရွှေရည်ဝင်း
 May 27, 2012 at 10:28pm

No comments:

Post a Comment