Saturday, September 28, 2013

ကျွန်မတို့ရဲ့ ရန်ကုန်


တကယ်တော့ အိရွှေရည်ဝင်းဆိုတဲ့ ကျွန်မက ရန်ကုန်နဲ့ သိပ်ပြီး အစပ်အဟပ်တည့်လှတဲ့ သူတော့ မဟုတ်ပါဘူး။
…… အဲဒီလိုပြောလို့ ကျွန်မကို မျိုးချစ်စိတ်မရှိတဲ့ မိန်းမလို့ ထင်ရင်ထင်ကြလိမ့်မယ်….ဒါပေမယ့် အခုကျွန်မသိတဲ့ ရန်ကုန်မြို့ ကြီးက ဟိုး ကျွန်မ တို့ ငယ်စဉ်က ရန်ကုန်မြို့ကြီးနဲ့ အဆမတန်ကွာခြားသွားပါပြီ….တိုးတက်မှူတွေ မိုးထိတိုက်ကြီးတွေနဲ့ သန့်ပြန့်ကျော့ရှင်းသွားတာမျိုးဆိုရင်တော့ တစ်မျိုးပေါ့ရှင်….အခုဟာက လွန်ခဲ့တဲ့ ၁၀စုနှစ်တွေကထက်ကို ပိုမိုဟောင်းနွမ်းလာခဲ့တာပါ။ ဟိုတုန်းက မိန်းမပျိုလေးဆိုရင် အခုရှိနေတဲ့ ၂၀၁၁ရန်ကုန်မြို့ကြီးဟာ တွန့်လိပ်နေတဲ့ အသားအရည်တွေကို အပေါစားမိတ်ကပ်တွေ သုံးပြီး တရုတ်ပွင့်ရိုက်ဆင်တွေဝတ်ထားတတ်တဲ့ ပြဇာတ်တွေထဲက ပြည့်တန်ဆာအိုကြီးလိုပါပဲ။ ကျွန်မပြောတာ ရိုင်းချင်ရိုင်းသွားပေမယ့် တကယ်ပဲ ကျွန်မ အဲလို မြင်မိပါတယ်….ရန်ကုန်မြို့ကြီးထဲကို ကျွန်မစီးလာတဲ့ လေယာဉ်ကြီး စဝင်တော့ ငါ့နိုင်ငံရောက် ပြီဆိုတဲ့ ပီတိနဲ့ ပြတင်းကနေ ခေါင်းငုံကြည့်မိတဲ့ ကျွန်မကို အညိုရောင်ခြောက်ခြောက် လယ်ကွင်းတွေက မျက်နှာညိုးညိုးနဲ့ ဆီးကြိုကြပါတယ်။ တချို့ လူတွေကတော့ ပြောကြတယ် ရွှေဝါရောင်စပါးခင်းတို့ စိမ်းလန်းတဲ့ ပျိုးခင်းတို့စသည်ဖြင့်ပေါ့လေ….ဒါပေမယ့် ကျွန်မမြင်ရတာ ကတော့ တကယ်ပဲ ညိုးခြောက်နေတဲ့ လယ်ကွင်းသွေ့ သွေ့ တွေပါ။ နောက်တော့ ရန်ကုန်မြို့ ရဲ့ အထင်ကရ သမိုင်းဝင်တဲ့ မင်္ဂလာဒုံလေဆိပ်ကြီးထဲကို လေယာဉ်ကြီးစဝင်ပါတယ်။ ဖုန်တွေတက်ပြီး မှိန်ဖျော့နေတဲ့ ရန်ကုန်လေဆိပ်ဆိုတဲ့ ဆိုင်းဘုတ်အိုကြီးကလည်း နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း အခုအချိန်အထိ မချိပြုံးပြုံးပြဖို့ ကြိုးစားနေတုန်းပါ။ ကျွန်မ ရန်ကုန်လေဆိပ်ခန်းမကြီးကိုဖြတ်ပြီး ဖြတ်ကျော်ရမယ့် အကောက်ခွန်ကောင်တာမှာ အများနည်းတူ တန်းစီရပါတယ်…..ကျွန်မအလှည့်ရောက်တော့ အဖြူရောင်ဝတ်ထားတဲ့ အကောက်ခွန်ဝန်ထမ်းကောင်လေးက ပြုံးပြီး မော့ကြည့်ပါတယ်..ပြီးတော့ အစ်မ အခွန် ဆောင်ပြီးပြီလားတဲ့…ကျွန်မသတိမေ့နေခဲ့တာပါ။ အဲဒီတော့ ရိုးရိုးသားသားပဲ အစ်မ မဆောင်ခဲ့ရဘူး…ပြန်သွားမှ အစ်မ ဆောင်လိုက်ပါမယ်လို့ပြောတော့ ကောင်လေးက အစ်မရယ်..ဒီလောက်ကြာတာတောင် မဆောင်ရသေးဘူးလားလို့ဆက်ပြောပါတယ်… ကျွန်မလည်း မောင်လေးရေ…အစ်မပြန်လာတာ ဒါပထမအခေါက်လည်းမဟုတ်ဘူး အစ်မတကယ်မေ့သွားလို့ပါ လို့ပြောတော့..ဒါဖြင့် အစ်မရယ်..အဆင်ပြေသွားအောင်ပေါ့ ကျွန်တော်တို့ကိုလည်း မုန့်ဖိုးပေးခဲ့ပါဦးလို့ ပေါ်ပေါ်ထင်ထင်တောင်းပါတော့တယ်….
ဒါကတော့ ရန်ကုန်ထုံးစံဖြစ်နေတာမို့ ကျွန်မနားလည်ပါတယ်…အင်းလေ ဆိုပြီး အိတ်ထဲမှာ အသင့်ရှိနေတဲ့ ၂၀တန်တစ်ရွက်ကို ထုတ်ပေးတော့ ကောင်လေးက အစ်မရယ်… ၅၀လောက်တော့ပေးပါလို့ မချိုမချဉ်ရုပ်နဲ့ဆိုပါတယ်…ဘုရားရေ….ကျွန်မ စိတ်ထဲ ငါ နိုင်ငံများ မှားဝင်သလား…ဓါးမြပဲ အတိုက်ခံနေရတာလားလို့တောင်တွေးမိပါသေးတယ်။ စိတ်ထဲက အောင့်သက်သက်ရှိသွားရပေမယ့် မောင်လေးရယ်…အစ်မက ကိုယ့်နိုင်ငံကိုယ်ပြန်ဝင်တာလေ နောက်ပြီး အစ်မမှာ အကောက်ခွန်ဆောင်ရမယ့်ဟာလည်း ဘာတစ်ခုမှ မပါဘူး လို့ စိတ်ကိုထိမ်းရင်းပြန်ပြောလိုက်ပြီး ကဲ..မောင်လေး ယူချင်လည်းနေ..မယူချင်လည်း အစ်မမှာတော့ အကြွေမရှိတော့ဘူးဆိုပြီး ပိုက်ဆံပြန်သိမ်းတော့ အဲဒီရွှေကိုယ်တော်က အစ်မမှာ အကြွေမရှိလည်းရပါတယ်…ရာတန်ကို ကျွန်တော်တို့ ပြန်အမ်းပေးပါ့မယ်လို့ သူမို့ မရှက်မကြောက်ပြောထွက်ပါသတဲ့။ ဘယ်နှယ့် သူတောင်းစားတောင် ပေးသူကြည်ဖြူမှ ရမယ့်ဟာကို။ ကျွန်မလည်း ဒေါသ ထောင်းကနဲထွက်သွားပြီး ဒီမှာ မောင်လေး ဒီပိုက်ဆံကို မောင်လေးမယူချင်လဲနေ..အစ်မကတော့ ရာတန်လည်းမလဲနိုင်ဘူး..ဘာမှလည်း ထပ်မပေးနိုင်တော့ဘူး..အေး..အထဲမဝင်ရရင်လည်း အစ်မ ဒီမှာပဲ ထိုင်နေတော့မယ်လို့ ဘုတောလိုက်တော့မှ မျက်နှာမကြည်မလင်နဲ့ ရပါတယ်ဆိုပြီး ကျွန်မပေးတဲ့ ၂၀ကို ဖျတ်ကနဲ လှမ်းယူလိုက်ပါတယ်..သူကမ်းပေးတဲ့ ကျွန်မ passportကို စိတ်မသက်မသာလှမ်းယူပြီးတော့ luggageတွေသွားရွေးကာ အပြင်ထွက်ခါနီး အပေါက်ဝက ကောင်တာတစ်ခုမှာ အကောက်ခွန်ဆောင်ဖို့ ပါမပါစစ်ဖို့အတွက် ထပ်တန်းစီရပါတယ်။ အရင်အခေါက်က ကျွန်မပြန်လာတုန်းက အဲလောက်ဇယားမရှုပ်ပါဘူး…ထားလိုက်ပါတော့လို့ တွေးရင်းကျွန်မ အလှည့်ရောက်လာပါတယ်။ အဲဒီကောင်လေးက ကျွန်မကိုတစ်ချက် ကျွန်မသယ်လာတဲ့ အိတ်တွေကို တစ်ချက်လှမ်းကြည့်ပြီး အစ်မ ဟိုဖက်က အိတ်ကို ဖွင့်ပေးပါလို့ အသားရောင် Pierre Cardinအိတ်ကြီးဆီ လက်ညိုးညွန်ပြပါတယ်။ လာပြန်ပြီလို့တွေးမိပြီး ဒေါသကလည်း ထွက်စပြုလာပါပြီ။သက်ပြင်းရှည်ကြီးချပြီး အိတ်ကိုဖွင့်တော့ ဝန်ထမ်းဝတ်စုံဝတ်ထားတဲ့ ကောင်မလေးက ကျွန်မ အိတ်ကိုမွှေပါတယ်။ အတွင်းခံအဝတ်တွေကို အပေါ်ယံတင်ထားတတ်တဲ့ ကျွန်မအကျင့်ကြောင့် ဘေးကမြင်နေရတဲ့ လူတွေရဲ့ စပ်ဖြဲဖြဲရုပ်တွေကို ကြည့်ပြီး ပိုဒေါသထွက်လာကာ ရှင်တို့မမြင်ဘူးကြလို့လား လို့ လှည့် အော်လိုက်တော့မှ မသိချင်ယောင်ဆောင်ပြီး ရယ်ကျဲကျဲလုပ်ကာ တစ်ဖက်လှည့်သွား ကြပါတယ်။ နောက်တော့ ဆံပင်ဖြောင့်စက်ထည့်ထားတဲ့ အဖြုရောင်ကတ်ထူဘူး ရှည်မျောမျောလေးကို သူမ ရှာတွေ့ သွားပြီး ဒါဘာလဲလို့မေးပါတယ်…
စိတ်တိုနေတဲ့ ကျွန်မလည်းဖြေမနေတော့ပဲ ဘူးကိုဆွဲထုတ်ပြလိုက်တော့မှ သူမက ရပြီဆိုပြီး ကျွန်မကို အိတ်ပြန်ပိတ်ဖို့ပြောပါတယ်။ ဆောင့်ကြီးအောင့်ကြီးနဲ့ ပါးစပ်ပွစိပွစိလုပ်ကာ အပြင် ရောက်လာတဲ့ ကျွန်မအနားကို လူတွေတအုပ်ကြီးထပ်ဝိုင်းလာကြပြန်ပါတယ်။ Taxi Taxi ဆိုပြီး ကျွန်မအနားရောက်လာတဲ့လူတွေကို ကြည့်ပြီး ခေါင်းတွေမူးနောက်လာတဲ့အထိ စိတ်ရှုပ်သွားရပြန်တယ်။ U want Taxi လို့မေးတဲ့ ကောင်လေးတစ်ယောက်ကို အကျင့်ပါပြီး
I wanna go to Yankinလို့ ပြောလိုက်တော့ သူက 10000 လို့ပြန်ဖြေပါတယ်…အဲဒီတော့မှ သတိရပြီး မောင်လေးရေ…အစ်မ ဗမာပါ…အဲလောက်ကြီးတော့ ဈေးမအော်နဲ့လေလို့ မြန်မာလို ပြန်ပြောရပါတယ်။ အော်..ဟုတ်ကဲ့ ..ဈေးမှန်ပါပဲအစ်မ လို့ သူကပြန်ဖြေလေတော့ ဟိုတုန်းက ကျွန်မအိမ်ကနေ လေယာဉ်ကွင်းကို ၂၀၀၀နဲ့လာခဲ့ဖူးတဲ့ အချိန်ကာလတစ်ခုကို ပြန်မြင်မိပါသေးရဲ့….မဌားတော့ဘူးဆိုပြီး အပြင်ကိုလှမ်းထွက်တော့ အဲဒီကောင်လေးက ကျွန်မ တွန်းသွားတဲ့လှည်းကို လှမ်းဆွဲပြီး ၇၀၀၀နဲ့လိုက်ပေးမယ် အစ်မလို့ လှမ်းပြောပါတယ်။ အော်ဟစ်နေကြတဲ့ လူတွေကြားခေါင်းတွေကလည်းမူးနောက်နေပြီမို့ ကဲ..သွားမယ် ဘယ်မှာလဲ ကား ဆိုတော့ သူနဲ့ တခြားလူ၃ယောက်က ကျွန်မအိတ်တွေကို ဝိုင်းသယ်ကြပါတယ်။ ကျွန်မလွယ်ထားတဲ့ ကွန်ပျူတာအိတ်ကိုပါ အစ်မ ကျွန်တော့်ကိုပေး ဆိုပြီး ဆွဲယူသွားလိုက်တာ ကျွန်မမှာ ဘာပြန်ပြောရမှန်းမသိအောင်ကျန်ခဲ့ပါတယ်
နောက်တော့ ကျွန်မအိတ်တွေအားလုံးကို ကားထဲထည့်ပြီး ခုနကကောင်လေးနဲ့ ကျန်တဲ့ ၃ယောက်က ကျွန်မအထဲဝင်ပြီးတာတောင် တံခါးမပိတ်သေးပဲ ရပ်စောင့်နေတော့ ကားမောင်းတဲ့ ဒရိုင်ဘာက ညီမလေး..သူတို့ကို ပိုက်ဆံပေးလိုက်ဦးလေလို့ ပြောပါတယ်…
ဟမ်..ဘာအတွက်ပေးရမှာလဲဆိုတော့ အထုတ်တွေသယ်ခလေတဲ့…အိတ်အကြီးတစ်လုံးရယ် hand carryအိတ်သေးလေးတစ်လုံးရယ် လက်ဆွဲအိတ်ပိစိလေးတစ်ခုရယ် ဇွတ်အတင်းဆွဲ သယ်ပေးတဲ့ ကွန်ပျူတာအိတ်ရယ်ကို တွန်းလှည်းကနေ taxi နောက်ခန်းထဲ ပြောင်းထည့်ပေး တဲ့အတွက်တဲ့ သယ်ယူခ ၅၀၀၀တောင်းပါတယ်။ နကိုကမှ စိတ်တိုလာတဲ့ ကျွန်မဒေါသတွေက အဲဒီမှာ စပေါက်ကွဲပါတော့တယ်…ဒီမှာ ကျွန်မက ရှင်တို့ကို သယ်ခိုင်းတာလဲ မဟုတ်ဘူး..ဒီတွန်းလှည်းကနေ taxiထဲရွှေ့ တာလောက်ကို ၅၀၀၀တောင်းတာကတော့ တရားလွန်တယ်…ဘယ်နှယ့်ကိုယ်နိုင်ငံကိုယ်ပြန်လာတာ လေယာဉ်စဆင်းကထဲက ဓါးမြပဲ အတိုက်ခံနေရတယ်..မပေးနိုင်ဘူး လို့မျက်နှာမာမာနဲ့ပြောပြီး ကားတံခါးကို ဆောင့်ပိတ်ပစ် လိုက်ကာ ဒရိုင်ဘာကို ကားမောင်းခိုင်းလိုက်တော့ ဗျစ်တောက်ဗျစ်တောက်ရေရွတ်ရင်း ကျန်ခဲ့တဲ့ သူတို့မျက်နှာတွေကို လှမ်းမြင်ရပါတယ်။ အင်း….ရန်ကုန်နဲ့ ငါနဲ့ကတော့ စပြီလို့ တွေးမိပြီး စိတ်ပင်ပန်းစွာနဲ့ မျက်လုံးတွေကို မှိတ်ပစ်လိုက်ပါတော့တယ်…။
နောက်ရက်တွေမှာ ကျွန်မ အပြင်ထွက်တော့ ချိုင့်ခွက်ပေါက်ပြဲနေတဲ့ လမ်းမတွေပေါ်မှာ ဝရုန်းသုန်းကားမောင်းနေကြတဲ့ ၁၉၉၀နှစ် ဝန်းကျင်ကားတွေကို ကြည့်ပြီး ကျွန်မရင်မောမိပါ သေးတယ်။ ယာဉ်စည်းကမ်းဆိုတာတွေမရှိပဲ ကားမောင်းတတ်ရုံနဲ့  ခွေကိုင်တက်မောင်းနေကြ တဲ့လူတွေကိုမြင်ရတော့ သြော် ငါတို့ဆီမှာဆို ကားလိုင်စင်တစ်ခုရဖို့ သင်တန်းတွေတက် ပိုက်ဆံတွေအကုန်ခံ စာတွေကျက်ပြီး ကြိုးစားပမ်းစားဖြေခဲ့ရပါလားလို့ တွေးကာလွမ်းမိပါတယ်
မြင်မြင်သမျှ ကုန်စည်ကြော်ငြာတွေ ရောင်းတမ်းဝင်စားသောက်ကုန်တွေမှာ တရုတ်အသုံးအဆောင်တွေက ထိုးဖေါက်ဝင်ရောက်နေတာ မြင်ရတော့ ကျွန်မတို့ဆီမှာဆို made in chinaဆိုတာနဲ့ လူတွေကမျက်နှာရှုံပြီး အပေါစားတွေပေါ့လို့ ပြောကြတာကို တွေးမိကာ့ မဆီမဆိုင် ရန်ကုန်ကလူတွေကို သနားမိသွားပါသေးတယ်… သြော်…ငါလည်း တချိန်က ဒီလိုဖြစ်ခဲ့တာပဲလို့ပြန်သုံးသပ်မိပါတယ်။ shopping center တစ်ခုဆီ ကျွန်မရောက်တော့ ကျွန်မရဲ့ ဝါသနာအတိုင်း ဖိနပ်ဆိုင်ကို အရင်ဝင်ဖြစ်တယ်…. ဟိုးအရင်ကတည်းက ဖိနပ်ဝယ်ရင် ကျွန်မဆိုဒ်ကို ရန်ကုန်မှာ ဝယ်လို့မရခဲ့ပေမယ့်
ခေတ်တွေပြောင်းကောင်းပါရဲ့လို့ တွေးပြီး ဝင်ကြည့်ဖြစ်ပါတယ်။ ထုံးစံအတိုင်းပါပဲ..
၄၁စီးနေကျ ကျွန်မအတွက် ဆိုဒ်မရှိခဲ့သလို အမြင်သိပ်မဆန်းတဲ့ ဖိနပ်တွေကလည်း ကျွန်မကို ရင်ခုန်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး…အကျီ င်္ဆိုင်ဝင်ကြည့်တော့လည်း တရုတ်logoတွေနဲ့ အကျီ င်္လေးတွေက ကျွန်မကို ဆီးကြိုတော့ ကျွန်မ စိတ်ထဲ ငါရောက်နေတာ ပြည်မကြီးလား ရန်ကုန်လားလို့ တွေးလိုက်မိသေးတယ်။
နောက်တစ်ခု ကျွန်မ သတိထားမိလာတာက မဟာရန်ကုန်မှ လူသားများဟာ အင်မတန်ကို အမှီသဟဲကြိုက်သူများဆိုတာပါပဲ
လူတစ်ယောက်ကိုခင်ပြီဆိုရင် အဲဒီလူကို ခင်ကြတာမဟုတ်ပါဘူး…..အဲဒီလူရဲ့ စီးပွားရေး ဘယ်လောက်ကောင်းသလဲ….အဲဒီလူရဲ့ မိဘတွေက ဘာကြီးတွေလဲ…..အဲဒီလူက ဘာအကျိုး အမြတ်တွေပေးနိုင်မလဲ…စတဲ့ နောက်ပိုင်းက ပံပိုးနိုင်မှူတွေကို တွက်ချက်ပြီးမိတ်ဖွဲ့ ကြတာပါ။
ဆိုတော့ ကျွန်မ သူငယ်ချင်းတွေက မိုးကျရွှေကိုယ်တွေ မဟုတ်တဲ့အတွက် ကျွန်မမှာ တောင့်တင်းခိုင်မာတဲ့ ကျောထောက်နောက်ခံလည်း မရှိပါဘူး။ကျွန်မ မိဘတွေကလည်း စီးပွားရေးနယ်ပယ်မှာ အောင်မြင်နေသူတွေမဟုတ်ကြသလို အပွင့်အခက်တွေနဲ့ ကြယ်တံဆိပ်တပ်ထားတဲ့ စတစ်ကာကပ်ကားစီးနိုင်သူတွေ မဟုတ်ကြဘူး
ကျွန်မကိုယ်ပိုင်အရည်အချင်းနဲ့ ကျွန်မဘဝကို တည့်မှန်အောင်ရပ်တည်နေဖို့ကလွဲရင် ရန်ကုန်ကလူ တော်တော်များများမက်မောကြတဲ့ ဂုဏ်ဒြပ်သတ်မှတ်ချက်တွေ ဘာတစ်ခုမှ မရှိပါဘူး…. ကျွန်မ သာမန်အိမ်တစ်လုံးရှိပြီး သွားချင်ရာ သွားနိုင်တဲ့ ခပ်ရိုးရိုး စီးတော်ယာဉ်လေးတစ်ခုပဲ ရှိပါတယ်…ဒါပေမယ့် ရန်ကုန်မှာတော့ မဟုတ်ဘူးပေါ့လေ…မြင့်မားလှတဲ့ ရန်ကုန်မြို့တော်ကြီးရဲ့ cashတွေကြားမှာ သူဌေးသမီးလည်း မဟုတ်တဲ့ ကျွန်မ မမော်ကြွားနိုင်ပါဘူး။ အထူးသဖြင့် ရန်ကုန်သူရန်ကုန်သား ၁၀၀ရှိရင် ၁၀၀၀ဖိုးကြွားတဲ့ မဟာ့ မဟာလူသားများကြား မှာ ကျွန်မလို မာယာမသုံးတတ်တဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ တိုးလို့မပေါက်နိုင်တာ သိပ်တော့လည်း မဆန်းလှဘူး ထင်ပါတယ်….ကျွန်မ ရန်ကုန်မှာ မပျော်ပါဘူး။ မိန်းကလေးတစ်ယောက်ကို အမှတ်ပေးကြရင် လည်း ကိုယ်ကျင့်တရားတွေထက် သူမမှာပိုင်ဆိုင်မှူ ဘယ်လောက်ရှိတယ် ဘာကားစီးတယ်ဆို တဲ့ဟာတွေကိုပဲ ကြည့်တတ်ကြတဲ့ ရန်ကုန်သားတွေအတွက်တော့ ဘယ်ကရမှန်းမသိတဲ့ ပိုက်ဆံတွေနဲ့ ချမ်းသာနေတဲ့ မော်ဒယ်ကောင်မလေးတွေက ဈေးကွက်ဝင်နေတာတွေ့ ရတဲ့ နောက်မှာ သြော်…လို့ အာမေဍိတ်ချလိုက်ရုံက လွဲပြီး ကျွန်မ ဘာမှ မတတ်နိုင်တော့ပါဘူး။
ကြာတော့လည်း အတုအယောင်တွေကို အစစ်လုပ်ပြီး ရွှေရည်စိမ်ထားတဲ့ ရန်ကုန်မြို့ ကြီးနဲ့ ရွှံပိတ်ထားတဲ့ နွားမတွေကိုမှ အထင်ကြီးတတ်တဲ့ ရန်ကုန်သားတွေကို ကျွန်မ စိတ်ကုန်လာပါတယ်။ အမှိုက်ပုံတွေ ပေါများသလို လူ့ အမှိုက်တွေနေရာယူထားကြတဲ့ ခန်းဆောင်လှလှတွေကိုလည်း ကျွန်မ မကြည့်ချင်တော့ဘူး…. အဆီယစ်နေတဲ့ မျက်နှာ ပြောင်ပြောင်နဲ့ ပိုက်ဆံအိတ်မည်းမည်းကြီးတွေ ချိုင်းကြားညှပ်ထားတဲ့ လူအမည်ရတဲ့ ယောက်ျားကြီးတွေလက်ကို ချိတ်ပြီး မောက်မာမာန်တက်နေတတ်သော အချိန်ပိုင်းနဲ့ ငှားလို့ရတဲ့ ဆေးရောင်စုံ ကောင်မလေးတွေကို လမ်းတကာမှာတွေ့ နေရတာကိုလည်း ကျွန်မ စိတ်မချမ်းသာဘူး။ လူကိုမြင်ရင် ဘာဝတ်လာသလဲ အိတ်က ဘာ Brand ဖိနပ်က ဘာ Brandလဲဆိုပြီးလှမ်းလှမ်း checkတတ်တဲ့ မျက်နှာဖုံးစွပ်လူတွေနဲ့လည်း မတွေ့ ချင်တော့ဘူး။
မိတ်ကပ်လူး ပန်းပန်ထားပြီး အင်အားချိနဲ့နေတဲ့ ရန်ကုန်မြို့ ကြီးကို သနားမိပေမယ့် ဘယ်လိုမှ ဟန်ဆောင်နေလို့ ဆက်မဖြစ်တော့တဲ့ ကျွန်မ… လူပီသရင် လူရာဝင်တဲ့  ဟိုးအဝေးတစ်နေရာ ဆီကိုပဲ ပြန်ဖို့ ဆုံးဖြတ်မိပါတော့တယ်……။

အိရွှေရည်ဝင်း
 May 6, 2011 at 3:38pm

1 comment: