ဘဝအစိတ်အပိုင်းတစ်ချို့ နှင့် အမှတ်တရများ(၁)
ဗဟန်းရွှေတောင်ကြားထဲက
မူကြိုကျောင်းမှာ စတက်ခဲ့သောနေ့ကို ကျွန်မမှတ်မိသေးသည်။
ကောင်မလေးငယ်ငယ်ပေါက်စနပေမယ့် အင်မတန်ခေါင်းမာသော ကျွန်မကို ကျောင်းခန်း
ထဲမဝင်ဝင်အောင် ဆရာမတွေက ဘယ်လိုချော့ချော့ခြောက်ခြောက် ကျွန်မက
ပေကပ်နေခဲ့သည်။ ကစားခန်းမထဲမှ သစ်သားအိမ်ကလေးထဲမှာ ဝင်ဆော့ရင်း ထိုအိမ်လေး
ကို သဘောတကျဖြစ်ကာ အိမ်လေးထဲမှ မထွက်တော့ပဲ ပေကပ်ထိုင်နေသော ကျွန်မကို
တော်တော်အကျောမာတဲ့ကလေးမဟု ဆရာမတွေက သတ်မှတ်ပါလိမ့်မည်။ နောက်ဆုံးတွင်
ဆရာမတစ်ယောက်က ထိုအိမ်ပိစိညောက်တောက်လေးထဲ သူ့ ကိုယ်သူ အတင်းတိုးဝင်ကာ
ကျွန်မကို ဇွတ်ပွေ့ ချီထုတ်တော့မှ ကျွန်မ အပြင်ရောက်လာတာဖြစ်သည်။ ဒါတောင်
အိမ်လေး ထဲ ပြန်ဝင်ပြေးဖို့လုပ်နေသော ကျွန်မကို ဆရာမက
ဇွတ်အတင်းချုပ်ထားလို့သာ။ ကျွန်မသည် တခြားသော ကလေးများလို
ငိုကြွေးခြင်းလည်းမရှိ…ထုံပေပေကတ်သတ်သတ်နိုင်ကာ ၁၂ရာသီ စူပုတ်နေတတ်သော
နုတ်ခမ်းပါးချွန်ချွန်လေးဖြင့် ဂျစ်ကန်ကန်ကောင်မလေး တစ်ယောက်ဖြစ်သည်။
ဖေဖေကားကြီး ကျောင်းရှေ့ရပ်လိုက်ပြီးဆိုတာနှင့် တံခါးဖွင့်ကာ ခုန်ဆင်းပြီး
ကျောင်းထဲကို ခုန်ပေါက်ပြေးဝင်သွားကာ နောက်ကြောင်းပြန်လှည့်မကြည့်တတ်
သောကျွန်မကို ဖေဖေက အလွန်သဘောကျလေ့ရှိသည်။ အခြားသော ကလေးများလို
ကျောင်းပို့တာနှင့် ငိုယိုပြီး မိဘကို ဂျီကျခြင်းမျိုးမရှိသော သူ
့သမီးအတွက် အလွန်ဂုဏ်ယူလေ့ ရှိသည်။ တကယ်က ကျွန်မက ကျောင်းခန်းထဲသို့
တန်းပြေးခြင်းမဟုတ်…ကစားခန်းမထဲသို့ အပြေးအလွှားသွားကာ သစ်သားအိမ်လေးထဲသို့
ဝင်နေခြင်းဖြစ်သည်။ ဘာကြောင့်မှန်းမသိပါ ထိုအိမ်လေးကို ကျွန်မ
အလွန်သဘောကျသည်။ ပုံပြင်ထဲမှ လူပုလေးအိမ်လေးများလို
ပုပုသေးသေးလေးဆောက်ထားသော အမိုးချွန်ချွန်လေးနှင့်
အပြာရောင်သစ်သားအိမ်လေးမှာ လှပသော ပွတ်လုံးလက်ရန်းလှေကားလေးများဖြင့်
အလွန်ချစ်စရာကောင်းပါသည်။သို့သော် အိမ်လေးရဲ့ ဝင်ပေါက်လေးဟာ
ကလေးတစ်ယောက်ကိုယ်လုံးလေးသာဆန့်သောကြောင့် ဆရာမတွေခမျာ ကျွန်မကို
ဆွဲထုတ်ဖို့ကို မကြာခဏစိတ်ညစ်ကြရလေသည်။ မုန့်စားဆင်းချိန်
ရောက်ပြီဆိုလျှင်တော့ ကျွန်မအနားမှာ ကလေးတစ်ချို
ု့ဝိုင်းလျက်ကိုမြင်ကြရမည်။ ဘာကြောင့်လဲဆို အိမ်ကထည့်ပေးလိုက်သည့်
မုန့်ဘူးကို ကျွန်မ ဘယ်တော့မှ စားလေ့မရှိ။ ကျွန်မအနားမှာရှိသော ဘယ်သူ
့ကိုမဆို ရော့အင့်ဟုပေးလေ့ရှိသောကြောင့်ဖြစ်သည်။ ဖေဖေထည့်ပေးလေ့ရှိသော
ရွှေရောင်ချောကလက်အပြားဝိုင်းတွေနှင့် မေမေထည့်ပေးလေ့ရှိ သော
ပေါင်မုန့်ုယိုသုတ်ထက် ကျွန်မစိတ်ဝင်စားတာက ကျောင်းဝင်းအပြင်မှာ
ခေါင်းလောင်း ကလင်ကလင်နှင့်လာရောင်းလေ့ရှိသော ရေခဲချောင်းသည်နှင့်
ဒန်အိုးကြီးတစ်ခုချကာ တုတ်ချောင်းလေးများထည့်ထည့်မွှေပြီး ရောင်းတတ်သော
ကပ်စေးနှဲရောင်းသည့် အဒေါ်ကြီး ဖြစ်သည်။ ဒါပေမယ့် ပိုက်ဆံဆိုတာ
ကလေးကိုင်စရာမဟုတ်ဟုယူဆထားသော မိဘများ ကြောင့် ကျွန်မ
မုန့်ဖိုးကိုင်မသုံးခဲ့ရပါ။ကျွန်မ မျှော်ငေးကြည့်ပြီး စားချင်ခဲ့ရသော
ထိုအရာများ ကိုလည်း မူကြိုကျောင်းပြီးသည်အထိ မစားဖြစ်ခဲ့ရပါ။
ဖေဖေကျောင်းလာကြိုတုန်းအချိန်က ကျွန်မ ပူဆာဖူးတော့ ကျွန်မဖေဖေက ကျွန်မကို
အပြင်စာမစားစေလိုသည့်အတွက် ထိုမိန်းမ ကြီးက နှပ်ချေးတွေရောင်းတာဟု
လိမ်လည်ပြောခဲ့တာကို အဟုတ်မှတ်ပြီး ပထမတန်း တက်သည်အထိ ယုံခဲ့မိသေးသည်။
မူကြိုကျောင်းမှာ နေ့ခင်းဖက်ဆိုလျှင် ကလေးတွေကို အိပ်ချိန်အဖြစ်သတ်မှတ်ထားသည်။ ကလေးတိုင်းကိုလည်း အိပ်ချင်ချင် မအိပ်ချင်ချင် အိပ်အောင်ချော့သိပ်ကြလေသည်။ သို့သော် ကျွန်မသည် ထိုစဉ်ကတည်းက အအိပ်အနေနည်းခဲ့တာဖြစ်သည်အတွက် ဆရာမတွေ ရှိတုန်းခဏပဲ အိပ်ချင်ယောင်ဆောင်ပြီး လစ်တာနဲ့ စာအုပ်နှင့်ခဲတံထုတ်ကာ ပုံတွေဆွဲနေတတ် သေးသည်။ အဲဒါကို တနေ့မှာ ကျွန်မတို့အတန်းပိုင်ဆရာမလေးကတွေ့ သွားခဲ့ပြီး ကျွန်မကို သူ့ ရုံးခန်းထဲခေါ်သွားကာ ပုံဆွဲခဲတံတွေ ဖယောင်းဆေးတွေ စာရွက်တွေချပေးကာ အသေအချာ သင်ပေးပါတော့သည်။ ကျွန်မ ထိုဆရာမလေးနာမည်ကိုတော့ မမှတ်မိတော့ပါ။ ဆံပင်ကျစ်ဆံမြီး အရှည်ကြီးနှင့် မျက်နှာဝိုင်းဝိုင်း မျက်လုံးတောက်တောက်လေးများရှိသည်ကို တော့ ကျွန်မမှတ်မိနေသည်။ မည်သည့်ဆရာဆရာမနှင့်မှ ရေရှည်အဆင်မပြေသော ပေကတ်ကတ်ကောင်မလေးကျွန်မသည် ထိုဆရာမလေးနှင့်တော့ အတော်လေးကို အဆင်ပြေ ခဲ့ပါသည်။ ကျွန်မတို့ သူငယ်တန်းတက်ကြသော အချိန်တွင် ထိုဆရာမလေး ကလေးမီးမဖွား နိုင်သဖြင့် ဆုံးပါးသွားကြောင်း ဖေဖေပြောပြသဖြင့် သိခဲ့ရသည်။
ရန်ကင်းTTCတွင် သူငယ်တန်းစတက်တော့လည်း ထိုနည်းနှင်နှင်ပင်။ ဖေဖေ ကျောင်းပို့  သည်နှင့် ကျွန်မက နောက်ကိုလှည့်မကြည့်တော့။ မျက်နှာလေးမော့ကာ မော့ကာဖြင့် ကျောင်းထဲကော့ကော့ ကော့ကော့ဝင်သွားတော့သည်။ အခြားသော ကလေးများရဲ့ ဆူဆူညံညံ ငိုကြွေးနေကြသံများထဲတွင် ကိုယ်နှင့်မဆိုင်သလို ထိုင်ကာ လူအများကို လိုက်ကြည့်နေတတ်သော ကောင်မလေးမှာလည်းကျွန်မပဲဖြစ်သည်။ ကျွန်မကျောင်းစတက် သည့်ထိုနေ့မှာပဲ ကျွန်မကော်ပေတံအသစ်ချွတ်ချွတ်လေးကို ကောင်လေးတစ်ယောက်က လာချိုးပစ်တာနဲ့ကြုံပါသည်။ ထိုစဉ်က ကော်ပေတံကိုင်ကြတာ ခေတ်မစားသေးပါ။ ကလေး တော်တော်များများသည် သစ်သားပေတံလေးတွေကိုသုံးကြတာကျွန်မ မှတ်မိနေသေးသည်။
ထိုသို့ ကျွန်မကော်ပေတံကို ကိုင်ကြည့်ကာ ချိုးပစ်လိုက်သောကောင်လေးကို လက်မြန်ခြေမြန် ဖြင့်လက်ထဲကိုင်ထားသော ကွန်ပါဘူးဖြင့် ရိုက်ထည့်လိုက်သည်မှာ ကောင်လေးနဖူးမှသွေးများ ဖြာကနဲကျလာသည်အထိပင်ဖြစ်သည်။ကောင်လေးမှာမထင်မှတ်ထားစွာဖြင့်ကျွန်မကိုငေးရင်း သွေးများကိုလည်းမြင်ရော အသံပြဲကြီးဖြင့်အော်ငိုပါတော့သည်။ကျွန်မတို့ အတန်းပိုင်ဆရာမ ဒေါ်ခင်မမဝင်းက အနားရောက်လာပြီး ကျွန်မကိုဆူပါသည်။ ကျွန်မကလည်းဘာကြောင့်ကျွန်မ ရိုက်လိုက်သည်ဟု ရှင်းမပြပါ။ ပေကတ်ကတ်ရုပ်ဖြင့် ဆရာမရိုက်သော ဒဏ်ကို အသံမထွက်ပဲ တချက်မငိုပဲခံတော့ ဆရာမက ထူးဆန်းသလို ကြည့်သည်။ နောက်နေ့တွင်တော့ ကျွန်မအမေ ကျောင်းသို့လိုက်လာရတော့သည်။ သမီးမိန်းကလေးနှင့်သားယောက်ျားလေး ကျောင်းအတူ ထားရာတွင် သမီးက ရန်ဖြစ်သဖြင့် မိဘကျောင်းခေါ်ခံရသည်ဆိုတော့ အမေက ထုံးစံအတိုင်း အပြစ်တင်ပါတော့သည်။ ဖေဖေကတော့ ကျွန်မကို ဘာမှ မပြောပါ။ ကျွန်မ ထိုကောင်လေးကို ဘာကြောင့်ရိုက်တာလဲဟု မေးတော့ ကျွန်မက ကျွန်မကော်ပေတံကို လာချိုးလို့ရိုက်တာဟု ဖေဖေကိုဖြေပါသည်။ ဖေဖေကပြုံးကာ ငါ့သမီးက ဒေါသကြီးတာကိုး ဟုဆိုလေသည်။
နောက်တစ်ခါဖြစ်တာက ဒုတိယတန်းတက်နေစဉ်ဖြစ်သည်။ ထိုနေ့က မိုးတွေသည်းကြီး မည်း ကြီးရွာနေသည့်အတွက် ကျွန်မတို့ကလေးများပျော်ကြသောနေ့ဖြစ်သည်။ ကျွန်မက မိန်းကလေး ဖြစ်သော်လည်း မိန်းကလေးများနှင့်အတူဆော့ကစားလေ့ မရှိပဲ ယောကျာ်းလေး တွေနှင့်သာပေါင်းသင်းလေ့ရှိသည်။ အများအားဖြင့်တော့ ကျောင်းခန်းထောင့်တစ်နေရာတွင် ငြိမ်ငြိမ်လေးထိုင်ပြီး ပုံဆွဲခဲတံတစ်ခုဖြင့် စာအုပ်ကိုင်ကာ ပုံဆွဲနေလေ့ရှိသည်။ ထိုနေ့ကတော့ မိုးတွေရွာနေသဖြင့် ကျွန်မအပြင်ထွက်ဆော့ချင်စိတ်ပေါက်ကာ ကျောင်းဆောင်ကြီး အမိုး အောက်နားမှာရှိသော အင်္ဂတေလျှောတစ်ခုကို ရေတွေနှင့်လျှောတိုက်စီးနေသည်။ ဖိနပ်ကို ချွတ်ထားပြီး ရေတွေစီးကျနေသော လျှောပေါ်ပြေးတက်လိုက်ဆင်းလိုက်လုပ်နေသော ကျွန်မ ကိုကြည့်ရင်းမျက်စိနောက်လာဟန်ရှိသော ကျောင်းသားတစ်ယောက်က ဘာမပြောညာမပြော နဲ့ ကျွန်မဖိနပ်ကို ကောက်ယူလိုက်ကာ ကျောင်းအနောက်ဖက်မှာရှိသော ဆည်မြောင်းထဲသို့ ပစ်ထည့်လိုက်တော့သည်။ စိတ်ဆတ်ကာ ဒေါသလွယ်သော ကျွန်မဘာဆိုဘာမှမမြင်တော့ပဲ ထိုကောင်လေးကို ဝင်လုံးပါတော့သည်။ ငယ်ငယ်က လူကောင်သေးသေးလေးနှင့် ပိန်ပိန် ကောင်မလေးကျွန်မမှာ ထိုကောင်လေးကို ဘယ်လိုယှဉ်နိုင်ပါ့မလဲ။ ဒီတော့ မနိုင်နိုင်အောင် လုပ်တတ်သော ကျွန်မအကျင့်အတိုင်း ထိုကောင်လေးလက်မောင်းကို သွားချွန်ချွန်လေးများ ဖြင့် အားရပါးရကိုက်ပစ်လိုက်တာ အသားတွေပေါက်ထွက်သွားပြီး သွေးများကျလာသည် အထိ ပင်ဖြစ်သည်။ ထုံးစံအတိုင်းမိဘခေါ်တွေ့ တော့ကျွန်မအမေက ကျွန်မကိုရိုက်သည်။ ဖိနပ်ပျောက်သည့်အတွက် တပြစ်၊ ရန်ဖြစ်သည့်အတွက် တပြစ် ကျွန်မအရိုက်ခံခဲ့ရပါသည်။
၎တန်းကျောင်းတက်ချိန်တွင်တော့ ကျွန်မသည်ပိုမို သင်းကွဲလာသည်ဟုခံစားရသည်။ အဘယ်ကြောင့်ဆိုသော် အချိန်ပြည့် ဖုန်ထဲသဲထဲဆော့နေသော ကျွန်မနှင့်အတန်းထဲမှာ အလှပြင်ကာနေတတ်သောကျော့ကျော့မော့မော့ကောင်မလေးများမှာ ပြဒါးတလမ်းသံတလမ်း ဖြစ်လာပြီး ယောကျာ်းလေးတွေကျပြန်တော့လည်း ပေပေတူးတူးနေကာ တဇောက်ကမ်း တဇွတ်ထိုးလုပ်တတ်သော ကျွန်မနှင့် မပေါင်းချင်ကြပြန်။ ဒီကြားထဲ စာညံ့သည့် ကျောင်းသူထဲ မှာပါသောကြောင့် ခပ်ဆိုးဆိုးစာရင်းဝင်သေးသည်။ ဒီတော့ ကျွန်မရဲ့ အဖေါ်တွေဟာ ကျောင်း ထဲမှ ခရေပင်ကြီးများနှင့် ကျောင်းဆောင်အိုကြီးတွေရဲ့ ချောင်ကြိုချောင်ကြားတွေဖြစ်လာသည်။ ပုံဆွဲစာအုပ်ရှည်ကြီးတစ်အုပ်ကိုင်ကာ ခဲတံတစ်ချောင်းဖြင့် ပုံတွေထိုင်ဆွဲခြင်းက ကျွန်မအတွက် စိတ်ဝင်စားစရာအကောင်းဆုံးအလုပ်တစ်ခု ဖြစ်လာသည်။ ကျွန်မကို ပန်းချီပြိုင်ပွဲတွေ ဝင်ဖို့ တွန်းအားပေးခဲ့သူကတော့ ထိုစဉ်က ကျွန်မတို့ပန်းချီဆရာမ ဒေါ်ချိုချိုဝင်းဖြစ်သည်။ ကျွန်မ မြို့  နယ်အဆင့် တိုင်းအဆင့် စသည်ဖြင့်ဆုတွေချိတ်တော့ ဆရာမရဲ့ပီတိအပြုံးတွေကို မြင်ရသည်။ ဝမ်းနည်းစရာကောင်းတာတစ်ခုက ကျွန်မဆုတွေ တက်ယူတိုင်း ကျွန်မ မိဘတွေမပါခဲ့ပါ။ စာနဲ့ပက်သက်ပြီး ဆုမရပဲ ပန်းချီဆုရတာ ဘာလုပ်ဖို့ လိုက်ရမှာလဲဆိုကာ ကျွန်မဆုတက် ယူတိုင်း မိဘတွေမပါခဲ့ပဲ မျက်ရည်ကျနာကျင်ခဲ့ရသော ကလေးတစ်ယောက်ရဲ့ ခံစားချက် တွေကို နားလည်တတ်ခဲ့တာလည်း ဆရာမ ဒေါ်ချိုချိုဝင်းပဲ ဖြစ်သည်။ မငိုပါနဲ့သမီးရယ် ဆရာမတို့ရှိနေတာပဲ ဆိုကာ အားပေးတတ်ခဲ့သော ရုပ်ချောချောလေးနှင့်ပန်းချီဆရာမလေးကို အခုထိအမှတ်ရနေသေးသည်။ ကျွန်မကို အားကစားနဲ့ပက်သက်ပြီး တွန်းအားပေးခဲ့သော ဆရာမဒေါ်ခင်ခင်ထွန်းကိုလည်း ကျွန်မ မှတ်မိခဲ့သည်။ ကျွန်မ အားကစားနှင့်ပက်သက်ပြီး ဆုတွေရခဲ့တော့လည်း ကျွန်မမိဘတွေ မပါခဲ့ပါ။ သူများကလေး တွေဆုယူနေချိန်တွင် မိဘတွေက အောက်ကလက်ခုပ်တီးလျက်ဂုဏ်ယူဝံ့ကြွားစွာ အားပေးနေကြတာကိုကြည့်လျက် ကျွန်မရင်ထဲမှာ ဒဏ်ရာတွေရခဲ့တာကို ဆရာမတွေက ဝိုင်းဝန်း နှစ်သိမ့်ပေးခဲ့ကြသည်။ (တကယ်တော့ ကျွန်မဖေဖေက ကျွန်မအတွက် ဂုဏ်ယူနေပေမယ့် စာဖက်ကို စိတ်မရောက်တော့မှာစိုးသဖြင့် အားမပေးခဲ့ ခြင်းဖြစ်ကြောင်း နောက်ကျမှ ကျွန်မ သိခဲ့ရခြင်းဖြစ်သည်) တဖြည်းဖြည်းအတန်းကြီးလာတာနှင့်အမျှ ကျွန်မရဲ့ အရွဲ့ တိုက်ချင်စိတ် နှင့် ဂျစ်ကန်တတ်သောစိတ်က ရင့်မာလာခဲ့သည်။ ထမီဝတ်ရမည်ဟူသော ကျောင်းစည်းကမ်း ကိုဆန့်ကျင်ပြီး အထက်ဆင်မတတ်ပဲ ပုဆိုးလိုလုပ်ဝတ်သည်။ ရင်ဖုံးဝတ်ရမည်ဟူသော စည်းကမ်းချက်ကို ဆန့်ကျင်ကာ ယောက်ျားလေးရှပ်ကိုဝတ်လျှက် လွယ်အိတ်စလွယ်သိုင်းပြီး ဆောင့်ကြွားဆောင့်ကြွား လမ်းလျှောက်တတ်သော ပေစောင်းစောင်း ကောင်မလေးကျွန်မကို ဘယ်ကောင်လေးကမှလည်း မျက်လုံးတောင်စွေမကြည့်ကြပါ။ တချိန်လုံး ဂေါ်လီရိုက်အရုပ်ပစ် နေသော ကျောင်းသူညစ်ပတ်ပတ်လေးကို ဘယ်သူကမှလည်း စိတ်ဝင်တစားမရှိကြပါ။
၉တန်းရောက်တော့ ကျွန်မတို့ကျောင်းပြောင်းရပါသည်။ နန်ယန်ကျောင်းဟု နာမည်ကြီးသော ဗဟန်းအထက ၂သို့ စပြောင်းသည့်နေ့မှာ ကျွန်မမောင်လေးက ပျော်နေသလောက် ကျွန်မက တော့ ကျွန်မပြောင်းလိုသည့် ကမာရွတ်အထက၂ကို မပြောင်းပေးသည့် ဖေဖေ့ကို စိတ်ဆိုး လျက် မှုန်ကုပ်ကုပ်ဖြစ်နေခဲ့သည်။ ကျောင်းပြောင်းကြဖို့ ကျောင်းတွေရွေးသောအခါတုန်းကလဲ ဖေဖေက ကျွန်မတို့ကို TTCကိုပြောင်းစေချင်သည်။ ကျွန်မမေမေကတော့ နီးနီးနားနားနန်ယန် ကျောင်းမှာ ထားချင်သည်။ မောင်လေးကလည်း သူ့ သူငယ်ချင်းတွေ အများကြီးရှိသည့် နန်ယန်မှာပဲနေချင်သည်။ကျွန်မကတော့ ရှားရှားပါးပါး ရှိခဲ့သော လက်ချိုးရေလို့ရသည့် ကျွန်မသူငယ်ချင်းတွေပြောင်းသွားကြသောကမာရွတ် အထက၂သို့ သွားချင်သည်။ နောက်ဆုံးတော့လည်းမေမေ့သဘောအောင်ကာနန်ယန်သို့ပဲကျွန်မတို့ပြောင်းခဲ့ရတာဖြစ်သည်ထုံးစံအတိုင်း နူတ်နည်းကာ စာမတော်သော ကျွန်မအတွက် သူငယ်ချင်းအသစ်ရဖို့ဆိုတာ တော်တော်ခက်ခဲခဲ့ပါသည်။ကျောင်းနေမပျော်သောကောင်မလေးကျွန်မသည်စာလဲမတော်ခဲ့ပါ ထမီဝတ်လျှင်လျှပ်တိုက်နေကာယောက်ျားလေးဆန်ဆန် ကို့ယို့ ကားယားဝတ်တတ်သော ကျွန်မပုံစံကြောင့်လူသိထင်ရှားအလှဘုရားမတစ်ပါးလည်းမဖြစ်ခဲ့ပါ။ဒီကြားထဲကျောင်းလစ်ကာ လက်ဖက်ရည်ဆိုင်ထိုင်တတ်သောကောင်မလေးဖြစ်နေတတ်တော့ မကြာခဏလည်း ဒဏ်ပေးခံခဲ့ရသေးသည်။ ၁၀တန်းတက်သော နှစ်တွင်တော့ပိုဆိုးလေသည်။ ကျွန်မတို့ကျောင်းမှကျောင်းသားကျောင်းသူအတော်များများမှာ အပြင်ဖြေအဖြစ်ပြောင်းသွား သဖြင့် ကျောင်းထဲတွင် လူမရှိသလောက်နည်း သွားသည်။ဆရာမတွေကလည်း လူနည်းတော့ အခန်းတွေပေါင်းပြီး စာသင်ကြသည်။ ကျောင်းသားတွေကလည်း အတန်းတက်ချင်တဲ့သူတက် မတက်ချင်တဲ့သူမတက်ဆိုတော့ စာသင်ခန်းတွေ ခြောက်ကပ်ကုန်သည်။ ဒီလိုနဲ့ပဲ ၁၀တန်း စာမေးပွဲကြီး ပြီးခဲ့ပြီးလူမိုက်ကျွန်မကံကောင်းခဲ့ပါသည်။အောင်စာရင်းတွေထွက်ပြီးကျောင်းတွေ ရွေးရတော့မည့်အချိန်ရောက်တော့ ထုံးစံအတိုင်း ကျွန်မအမေက ကျွန်မကို science ဘာသာရပ်တွေ ရွေးချယ်စေလိုသည်။ ကျွန်မ အဖေကတော့ အနုပညာဝါသနာပါသော ကျွန်မအကြောင်းကိုသိသဖြင့် ယဉ်ကျေးမှူတက္ကသိုလ်ကိုရွေးချယ်စေလိုသည်။ ကျွန်မကကျွန်မ ဝါသနာပါသော မြန်မာစာဘာသာရပ်ကိုသာ သင်ယူလိုသည်။ ဒီတစ်ခါတော့ ဘယ်သူ့ ကိုမှ မတိုင်ပင်တော့ပဲ ကျွန်မသဘောနှင့် ကျွန်မမြန်မာစာမေဂျာတစ်ခုထဲသာရေးပြီးတင်လိုက်တော့ သည်၊ ဒါပေမယ့် ဖေဖေ့သဘောလည်းပါအောင် မြန်မာစာကို အဝေးသင်ဖြင့်တင်လိုက်ပြီး ယဉ်ကျေးမှူတက္ကသိုလ် ပန်းပုမေဂျာ ကို နေ့ကျောင်းအဖြစ် ရွေးချယ်လိုက်လေသည်။ကျွန်မ ပထမနှစ်စတက်သည့်အချိန်မှာပဲ ပြသာနာကစသည်။ ယဉ်ကျေးမှူတက္ကသိုလ်ဟူသော အမည် နှင့်အညီ ကျွန်မတို့ကျောင်းသူတွေ အားလုံးမြန်မာဝတ်စုံဝတ်ကြရမည်ဖြစ်ကြောင်းကြေငြာချက် ထုတ်လေသည်။ ထမီကို ဟုတ်တိ ပတ်တိမဝတ်တတ်သော ကျွန်မနှင့်တော့တွေ့ ကြပြီ။ (အဲဒီအချိန်တုန်းက ပတ်ထမီဆိုတာ မပေါ်သေးပါ) ချိတ်နှင့်ဝတ်ကြသော ထမီများရှိတာကို လည်းကျွန်မ မသိသေးတော့ တနေ့ တနေ့ ကျောင်းသွားခါနီးပြီးဆိုလျှင် တသက်လုံးက ထမီ ကို ထမီလို မဝတ်ခဲ့သောကျွန်မခမျာ မှန်ရှေ့မှာ ချာလပတ်ကိုလည်နေတော့သည်။ ၁၀မိနစ်ခြား တစ်ခါ လောက် ထမီပြင်ဝတ်နေရသောကြောင့် နောက်တစ်ခါမကျွတ်အောင်ဆိုပြီး တင်းတင်းဝတ်ခါ ခါးတစ်ဖက်တစ်ချက်စီမှ တွယ်ချိတ်ဖြင့် ထိုးဝတ်တော့မှ အဆင်ပြေသွား တော့သည်။ ဒါတောင်ထမီကပြေပြီးပွယောင်းယောင်းဖြစ်နေတတ်တာမျိုးကလည်းမကြာခဏ ဖြစ်သည်။တရက်တော့ထိုထမီကြောင့်ပဲကျွန်မချောက်ကျခဲ့ရသည်။ထိုနေ့ကကျောင်းနောက်ကျသဖြင့် အပြေးအလွှား သုတ်ခြေတင်ကာမိုင်နာဆောင်ပေါ်သိုသွားနေစဉ်မှာဖြစ်သည်။ လှေကားထစ်များကိုခပ်သွက် ခြေလှမ်းကျဲများနဲ့ ဖြတ်နင်းစဉ် မှာ ရှည်လျားသော ကိုယ့်ထမီစကိုကိုယ်ပြန်နင်းမိပြီး တွယ်ချိတ် မမြဲတော့ပဲ ပျော့အိလှသောထမီအသားက လျှောကနဲနေအောင် ကွင်းလုံးကျွတ်ကျလေတော့ သည်။ under skirt တစ်ထပ်ပါသေး သော်လည်း ကျောင်းသားကျောင်းသူစုံလင်လှသော အချိန်ဖြစ်သည့်အတွက် မျက်လုံးပေါင်း သောင်းခြောက်ထောင်အောက်မှာအရှက်လှလှကွဲရသောကျွန်မအဖြစ်ကတော်တော်ဆိုးသွားရသည်။ အဲဒီနေ့ကကျွန်မကျောင်းမတက်ဖြစ်ပါ…. ပူထူနေသော ကျွန်မမျက်နှာကို ဘယ်နား သွားထားရမည်မှန်းမသိသောကြောင့်ဖြစ်သည်။ ကျောင်းပေါ်မှ ဘယ်လိုပြန်ဆင်းလာပြီး ဘယ်လိုအပြင်ကို ပြန်ရောက်ခဲ့မှန်းမသိအောင်ကို ကျွန်မပူနွေးရှက်ရွံ့  နေခဲ့တာလေ။ ကျွန်မ ကျောင်းကို ၁ပတ်တိတိမသွားဖြစ်တော့ ကျောင်းမှ သူငယ်ချင်းလေးများ ကျွန်မအိမ်သို့လိုက် လာကြသည်။ အပိုးသတ်ထားသောမျက်နှာလေးများဖြင့် အိမ်ရောက် လာသော သူငယ်ချင်း များကိုကြည့်ပြီး ကျွန်မမချိုမချဉ်ပြုံးမိသည်။ ကျွန်မသူငယ်ချင်းချိုထွေး ဆိုလျှင် စပ်ဖြဲဖြဲရုပ်နှင့် ကျွန်မကို နှစ်သိမ့်အားပေးပါသည်။ နင်တော့ နာမည်ကြီးသွားပြီတဲ့။ ဖြိုးလေးကတော့ မအိရယ် ကျောင်းပြန်လာတက်ပါ…အဲလိုတော့မလုပ်ပါနဲ့၊မြင်တဲ့ လူတွေ လည်းမြင်ပြီးပြီပဲဟာလို့ ပြုံးစစ ဆိုလေသည်။အမှန်တော့ ထမီကျွတ်ကျလို့ရှက်တာထက် ကျွန်မစိတ်ဝင်စားနေသည့် ဂီတ မေဂျာမှ ဆရာတစ်ယောက်ရှေ့မှာဖြစ်သွားတာဖြစ်လို့ ဒီလောက်ပူထူသွားတာဖြစ်သည်။ နောက်ဆုံးတော့ကျွန်မကျောင်းပြန်တက်ဖြစ်ပါသည်။ ကျွန်မကိုတွေ့ တိုင်းပြုံးစစကြည့်တတ် သော ကျောင်းသားကျောင်းသူတစ်ချို့ ဒဏ်တွေကို မသိချင်ယောင်ဆောင်ရင်းပေါ့လေ။ ဂီတမေဂျာမှ ဆရာလေးကတော့ ကျွန်မကိုတွေ့ တိုင်း မျက်နှာလွှဲသွားလေသည်။ ဒီလိုနဲ့ပဲ ကျွန်မ ဒုတိယနှစ်ရောက်လာသည်။ ထိုအချိန်မှာ အထက်တန်းကျောင်းတုန်းက ကွဲသွားသော ကျွန်မသူငယ်ချင်းကောင်လေးတစ်ယောက်နှင့် ကျောင်းကင်တင်းမှာ ပြန်ဆုံပါသည်။ သူကကျွန်မကိုလည်းတွေ့ ရောဝမ်းသာအားရနှင့် တအံ့တသြနှူတ်ဆက်သည်။ အံသြမှာပေါ့.. ကျောင်းတုန်းက ထမီတောင်အချိုးကျအောင် မဝတ်တတ်တဲ့ ယောက်ျားလျာကောင်မလေးက အခုတော့ မြန်မာဝတ်စုံလှလှပပဝတ်ပြီး သနပ်ခါး မှူန်မှုန်လိမ်းကာ နုတ်ခမ်းနီဆိုးလို့လေ။ (ကျွန်မ ယဉ်ကျေးမှူတက္ကသိုလ် တက်တုန်းက သနပ်ခါးပါးကွက်ပါး နေ့စဉ်လိမ်းလျက် နုတ်ခမ်းနီ maroon colorဆိုးကာ ကျောင်းတက်လေ့ရှိသည်)
သူနဲ့ အတူပါလာသော သူ့ အစ်ကိုဆိုသည့်မင်းသားကတော့ ကျွန်မကို ခြေဆုံးခေါင်း ဆုံးကြည့် လျက် ညို့ပြုံးပြုံးပါသည်။(ယခုတော့ မင်းသားကြီးဖြစ်လို့နေပါပြီ)နောက်တစ်နေ့လည်းကျရော ထိုမင်းသား ကျွန်မတို့ ကျောင်းဝင်းထဲသို့ ခြေစကြာကျလေတော့သည်။ မျက်မှန်နက်ကြီး တပ်ကာ ဦးထုပ်ဆောင်းလျှက်ရုပ်ဖျက်လာသော်လည်း သူ့ ကိုမင်းသားမှန်းသိနေသည့် လူတချို့ ရဲ့ အကြည့်အောက်မှာတော့ ကျွန်မကို အထင်ကြီးအားကျမှူတွေကို မြင်ရလေသည်။ အမှန်ပြောရလျှင် သူ့ ကိုကျွန်မ မကြိုက်ပါ။ အားနာသဖြင့် သူနဲ့ ကင်တင်းလိုက်ထိုင်ပေးနေရ တာတောင် လူအများရဲ့ မျက်လုံးတွေအောက်မှာ ကျွန်မ မွန်းကျပ်လို့နေခဲ့ပြီ။ သူက ကျွန်မကို ကျောင်းဝင်းအပြင်လိုက်ခဲ့ဖို့ ခေါ်ထုတ်ပါသည်။ ကျွန်မကလည်း ဇွတ်ငြင်းသည်။ ၂ပတ်ခန့် အကြာမှာတော့ သူကျွန်မကို စိတ်ပျက်သွားပုံရသည်။ အပြင်ထွက်ဖို့ ခေါ်တိုင်း ခေါင်းခါငြင်းနေ တတ်လေတော့ သူအားလျှော့သွားသည်ထင်ပါသည်။ နောက်ထပ် ထပ်မလာတော့ပါ။
ကျွန်မတတိယနှစ်စာမေးပွဲဖြေပြီးသည့်နှစ်မှာ ကျွန်မ ဘဝတစ်ဆစ်ချိုးပြောင်းပါသည်။
ကျေးဇူးရှင်ကျွန်မဖေဖေ ရွှေတောင်ကြီးပြိုလေပြီ။ ရာထူးရှိခဲ့သော်လည်း လူသေသည်အထိ နာမည် အသေမခံနိုင်သော ကျွန်မဖေဖေက ထိုခေတ်ထိုအခါကအများသောက်သောမိုးခါးရေ ကို လိုက်မသောက်ခဲ့သူဖြစ်သဖြင့် ဖေဖေရုတ်တရက်ဆုံးပါးသွားခဲ့သောအခါ ကျွန်မတို့တွေ အားလုံးအတွက် နာမည်ကောင်းတစ်ခုမှလွဲလျှင် ဘာတစ်ခုမှမထားခဲ့နိုင်ပါ။ထိုအခါ သမီး အကြီးဆုံးဖြစ်နေသောကျွန်မအနေဖြင့်တက်နေသောတက္ကသိုလ်၂ခုအနက်မှနေ့ကျောင်းဖြစ်သော ယဉ်ကျေးမှူတက္ကသိုလ်ကို စွန့်လွှတ်လိုက်ရကာ လုပ်ငန်းခွင်သို့ ဝင်ရလေတော့သည်။ ထိုစဉ်က ကျွန်မ အသက် ၂၁နှစ်သာရှိသေးသည်။ မိစုံဖစုံရင်ခွင်အောက်မှာဆိုလျှင် ကလေးလုပ် လို့ကောင်းတုန်း ဖြစ်သော အသက်အရွယ်မှာ ကျွန်မ နေ့စားဝန်ထမ်းအဖြစ် လသာစာစစ်ဌာန တွင်အလုပ်ဝင်ရပါ သည်။ လက်ရေးလှသော ကျွန်မလုပ်ရသည့်တာဝန်မှာ ဆယ်တန်းအောင်လက်မှတ်တွေပေါ်တွင်နာမည်တွေ ခုံနံပါတ်တွေရေးပေးရခြင်းအလုပ်ဖြစ် သည်။ ထိုအလုပ်ကလည်းပေါ့သေးသေး မဟုတ်ပါ။ ယရစ်ကို ဘယ်လိုဆွဲရမည် အသတ်ကို ဘယ်လိုရေးရမည်အစရှိသည့် ဌာနဆိုင်ရာကန့်သတ် ချက်တွေအများကြီးရှိသေးသည်။ နံပါတ်ရေးတာကအစ ဘယ်လိုရေးရမည်ဟု စည်းကမ်းချက် တွေ ဘောင်တွေသတ်မှတ် ထားသောကြောင့် ရိုးရိုးစာလုံးရေးသလို ပြီးကပျစ်ရေးလို့မရပါ။ ကျွန်မလိုပဲရေးရသော အခြားသူတွေ ၇ယောက် ၈ယောက်ခန့်ရှိသေးသည်။ ကျွန်မတို့ ဌာနမှ အရာရှိမကတော့ နောက်ဆုံးမှရောက်လာသည့် ကျွန်မလက်ရေးကို သဘောကျရုံသာမက သူများအစောင် ရေ၇၀ကျော်၈၀ခန့်သာပြီးသည့်အချိန်တွင် တစ်နေ့ အစောင်၁၅၀ကျော်အောင် ရေးပေးနိုင် သောကျွန်မရဲ့သွက်လက်မှူအတွက်မျက်နှာသာပေးပါသည်။ ရုံးဆင်းချိန်တွင်အများ နည်းတူ ဘတ်စကားစီးဖို့ ဂိတ်သို့သွားရချိန်တွင် ဘယ်ကိုသွားသွားကားမောင်းကာ လိုက်ပို့တတ်ပြီး အမြဲစိတ်ပူတတ်သော ကျွန်မဖေဖေကို လွမ်းကာမျက်ရည်ကျဖြစ်သည်။ ဖေဖေဆုံးပြီး သိပ်မကြာခင် ကျွန်မမောင်လေးသင်္ဘောတက်ရသည့်အတွက် ကျွန်မတို့ မိသားစု အစစအဆင်ပြေသွားသည်ဟုတော့ပြောနိုင်ပါသည်။ အသက်၂၀ဝန်းကျင်သာရှိသေးသော်လဲကျွန်မမောင်လေးသည်လူကြီးလေးတစ်ယောက်ကဲ့သို့ရင့်ကျက်ကာမိသားစုတစ်စုလုံးကိုစောင့်ရှောက်နေတာမြင်ရတော့ ကျွန်မရော ကျွန်မမေမေပါ ဝမ်းသာမျက်ရည်ကျမိခဲ့ပြန်သည်။
ကျွန်မအဝေးသင်နောက်ဆုံးနှစ်ပြန်တက်ဖြစ်ပြီး မကြာမီမှာပင် အိမ်ခြံမြေအကျိုးဆောင်
Companyတစ်ခုမှာ အလုပ်ဝင်ဖြစ်သည်။ ဗဟန်းထဲမှာဖြစ်သောကြောင့် ရန်ကင်းတွင်နေသော ကျွန်မအတွက်လည်း အဆင်ပြေ အလုပ်ရှင်သဌေးကလည်း သဘောကောင်းဦးစားပေးသော ကြောင့် ပထမပိုင်းမှာတော့ ကျွန်မပျော်နေခဲ့သည်။ သိပ်မကြာလိုက်ပါ…နောက်မှ ဝင်သည့် ကျွန်မကို သူဌေးက လစာတိုးပေးလိုက်လေရာ ပထမရှိနှင့်နေပြီးသော ဝန်ထမ်းကောင်လေး ၂ယောက်နှင့် ကောင်မလေး၂ယောက်ရဲ့ ငြိုငြင်မှူကိုခံရတော့သည်။ နောက်ပြီး customer တွေကို အိမ်လိုက်ပြလျှင်လည်း သူဌေးကကျွန်မနှင့် ၂ယောက်ထဲထွက်ဖို့ကိုသာ အကြောင်းဖန် လေတော့သည်။ ထိုသို့ ဇွတ်ဖန်တီးမှူမျိုးကို ကျွန်မအလွန်မုန်းသည်။ ကျွန်မကို ထိကပါးရိကပါး ဆက်ဆံလာချိန်တွင်တော့ ကျွန်မ အလုပ်ထွက်ဖို့ဆုံးဖြတ်မိသွားတော့သည်။ ကျွန်မ ထွက်စာ သွားတင်ချိန်တွင် သူမရှိပါ။ သူ့အမျိုးသမီးက သူ့ ကိုယ်စားရုံးထိုင်နေချိန်ဖြစ်သည်။ ကျွန်မ ထွက်စာပေးတော့ သူမက အံ့သြဟန်ဖြင့် ဘာပြသာနာရှိလို့လဲ သမီးဟုကျွန်မကိုမေးပါသည်။
ကျွန်မ အဖြစ်မှန်ကို ရှင်းမပြတော့ပါ၊ မပျော်တော့လို့ပါဟုပဲ ဖြေတော့ သူမလည်းဆက်မမေး တော့။ ကျွန်မအိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာ ကျွန်မသူဌေးဖုန်းဆက်မေးသေးသည်။ သူဖုန်းဆက်တိုင်း မေမေကို ကျွန်မမရှိကြောင်းသာပြောခိုင်းလေတော့ နောက်ထပ် မဆက်
တော့ပဲ ငြိမ်သက်သွားပါသည်။ ထို့နောက်မှာ အခြားသော company ၂ခုခန့်တွင် ၅နှစ်နီးပါးခန့် ကျွန်မဆက်လုပ်ဖြစ်သေး သည်။ အဲဒီနောက်မှာ့ ရုပ်ရှင်အစည်းအရုံးမှ ခေါ်သည့် သရုပ်ဆောင်သင်တန်းတွင် ရွေးချယ်ခံရပြီးသင်တန်းတက်ဖြစ်သွားရာမှအစပြုကာ ကျွန်မ အတွက် အစိမ်းသက်သက်ဖြစ်သော လမ်းကြောင်းတစ်ခုပေါ်သို့ ဘုမသိဘမသိ ရောက်သွား လေတော့သည်။ ဗဟန်း ဝင်္ကပါလမ်းထဲတွင်ရှိသော ရုပ်ရှင်အစည်းအရုံးတွင် သင်တန်းတက်ခဲ့ ရသည့်နေ့စွဲများဟာလည်း ကျွန်မရဲ့ အမှတ်တရများစွာထဲမှာ ထင်ထင်ရှားရှားပါခဲ့ပါသည်။
သင်တန်းတွင် ပထမဆုံးကျွန်မ စရသည့်သူငယ်ချင်းအသစ်လေးမှာ ကျွန်မနှင့် ကပ်လျက်ထိုင် သော ခုံနံပါတ်၁မှ နှင်းသီတာဖြစ်သည်။ ရှည်လျားသောဆံပင်နက်နက်လေးများနှင့် ပိန် သွယ်ရှည်လျားသော အသားညိုညိုထိုကောင်မလေးကို ကျွန်မက သီတာဟုခေါ်ပါသည်။ စကားပြောလျှင် မပွင့်တပွင့်တိုးတိုးညင်းညင်းပြောတတ်သော ထိုကောင်မလေးကိုကြည့်ပြီး သူဘယ်လိုများ သင်တန်းထဲရောက်လာပါလိမ့်ဟု ကျွန်မ မကြာခဏတွေးမိသေးသည်။နောက် တစ်ယောက်က ခုံနံပါတ်၎မှ လှိုင်းနှင့် ခုံနံပါတ်၅မှ sandarဆိုသောကောင်မလေးဖြစ်သည်။ ခုံနံပါတ်၃ကကောင်မလေးနာမည်ကိုတော့ ကျွန်မမမှတ်မိတော့ပါ။ ကပ်လျက်ခုံဖြစ်ပေမယ့် စကားကြီးစကားကျယ်တွေပြောကာ ရုပ်ရည်သာမန်ထက်မပိုသော မျက်မှန်ထူထူတပ်ထား သည့် ထိုကောင်မလေးသည် အတန်းထဲတွင် မည်သူနှင့်မှလည်း အဆင်ပြေပြေအလိုက်အ ထိုက် မရှိလေတော့ ကျွန်မနှင့် မပေါင်းသင်းဖြစ်တာလည်း ဆန်းတော့မဆန်းဘူးထင်ပါသည်။ လှိုင်းကတော့ အရပ်သိပ်မရှည်ပါ။ အသားဖြူဖြူ တောက်ပသောမျက်ဝန်းများနှင့် စကားပြော လျှင် ယောက်ျားဆန်ကာခပ်ပြတ်ပြတ်ပြောတတ်သည်။ဒါပေမယ့် သူမနဲ့ပက်သက်လျှင် ဘယ် အရာကိုမှ သူမမပြောပဲ မသိနိုင်သော လျှို့ ဝှက်ဆန်သည့်ကောင်မလေးဖြစ်သည်။ sandar ကတော့ သီတာလိုပဲ ဆံပင်ရှည်ကာ အရပ်မြင့်သော်လည်း အသားဖြူပြီး စွဲညှို့ စူးတောက် သော မျက်နက်ဝန်းများကို ပိုင်ဆိုင်သည်။ လှပသောသွားစွယ်လေးများပေါ်အောင်ပြုံးကာ စကားပြောလေ့ရှိ သော ထိုကောင်မလေးကိုလည်း ကျွန်မသဘောကျပါသည်။သင်တန်း စတက်သောနေ့တွင် ကျွန်မတို့တစ်ယောက်ချင်း ကိုယ့်ကိုကိုယ်မိတ်ဆက်ရသည်မှာ ကျောင်းတက်တုန်းကလို ရုပ်သေတွေမဟုတ်ပဲ သရုပ်ဆောင်သင်တန်းသားသင်တန်းသူများ ပီပီ စိတ်ဝင်စားစရာကောင်းလှသည်။ အဲဒီမှာနောက်ထပ်ကျွန်မ သတိထားမိသောကောင်လေး ကောင်မလေးတွေ ထပ်တွေ့ ရလေသည်။ ရီရီသိန်းဟု အမည်ရသောအကောင်သေးသေးလေး နှင့် အသံကျယ်ကျယ်ပြောတတ်သော ဖြူဖြူကောင်မလေးသည် စကားပြောပွင့်လင်းပြီး အင်မတန်မှကိုသရုပ်ဆောင်တတ်သူဖြစ်သည်။ ဒီကောင်မလေးတော်တယ်ဟု ကျွန်မမှတ်ချက် ကျိတ်ပေးဖြစ်ပါသည်။ (အံသြစရာကောင်းတာက ထိုကောင်မလေးနှင့် ကျွန်မ သင်တန်းအပြီး ၇နှစ်ခန့်အကြာတွင် ဒူဘိုင်းမှာ ပြန်ဆုံရလေသည်)နောက်တစ်ယောက်ကတော့ မြတ်ခိုင် ဆို သောကောင်လေးဖြစ်သည်။ အသားဖြူပြီး အရပ်ပုသော်လည်း ပြုံးလိုက်လျှင် ချွန်မြသော သွားစွယ်လေးပေါ်ထွက်လာတတ်ပြီး ချစ်စရာကောင်းသည့်ထိုကောင်လေးကို ပထမဆုံး သတိထားမိသူမှာ သီတာဖြစ်သည်။စင်ရှေ့ထွက်ပြီးသူ့ ကိုယ်သူမိတ်ဆက်သောထိုကောင်လေး အလှည့်တွင် သီတာက ကျွန်မကို တံတောင်နှင့်လှမ်းတွတ်သည်။ပန်းသီးရေ…အဲဒီကောင်လေး က ချစ်စရာလေးနော် ဟု သီတာပြောတော့ ကျွန်မ သေသေချာချာကြည့်ဖြစ်သည်။ ကျွန်မတောင် သီတာကို နောက်လိုက်သေးသည်။ ရှည်လျားသော သီတာအရပ်အမောင်းနဲ့ ထိုကောင်လေးရဲ့ အရပ်ပုပုလေးနဲ့ဆို ခုံခုရတော့မယ်ဟုဆိုတော့ သီတာကမျက်စောင်းထိုးပြီး ငါကကြိုက်တယ်လို့ပြောနေတာမှ မဟုတ်တာဟုရှက်ကိုးရှက်ကန်း ဆိုပါသည်။ နောက်တစ်ယောက်က ယုဇနဟုအမည်ရသောဆံပင်ကောက်ကောက်လေးများ နှင့်ကောင်မလေးဖြစ်သည်။သူမကိုစတွေ့သည့်နေ့ကပင်ဒီကောင်မလေးကငါနဲ့ဆင်လိုက်တာ ဟု ကျွန်မတွေးဖြစ်သည်။ ကျန်သူများ ကလည်းကျွန်မနဲ့ ဒီကောင်မလေးကို ညီအစ်မတွေလား လို့တောင် မေးယူကြရသည့် အထိတူသော ထိုကောင်မလေးသည် စကားပြောလျှင် ပွင့်ပွင့် လင်းလင်းပြောတတ်ပြီး စိတ်ထဲရှိတာကို သိပ်မြုံမထားတတ်သောကောင်မလေးဖြစ်သည်။ သူ့ကိုကြည့်လိုက်တိုင်းအမြဲလိုယောက်ယက် ခတ်နေလေ့ရှိပြီး ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေတတ်သည်။နောက်တစ်ယောက်ကတော့ သူနဲ့ ကပ်လျက်ခုံတွင် ထိုင်သော ရဲကိုကိုဆိုသည့်ကောင်လေးဖြစ်သည်။အသားညိုညိုရှိပြီး မြန်မာဆန်သော ရုပ်ရည်နှင့် ထို ကောင်လေးသည် သရုပ်ဆောင်သည့်နေရာမှာတော့ အင်မတန်တော်ပါသည်။ ယုဇနနှင့် ရဲကိုကိုမှာ အမြဲတကျက်ကျက်ရန်ဖြစ်နေတတ်သော ခုံကပ်လျက်ထိုင်ကြရသည့် ကြောင်နှင့် ကြွက်လေးများဖြစ်သည်။ကျွန်မ ထိုသင်တန်းတက်စဉ်ကာလက အမှတ်တရများစွာထဲမှာ ကျွန်မဆရာများလည်းပါသေး သည်။
June 30, 2011 at 3:50pm

ဘဝအစိတ်အပိုင်းတစ်ချို့ နှင့် အမှတ်တရများ(၂)
ဆရာ ဦးကြည်စိုးထွန်းစာသင်ချိန်ဝင်လျှင် ကျွန်မ အလွန်သဘောကျပါသည်။ စကားပြောကောင်းသော ဆရာ့ရဲ့ ကိုယ်တွေ့ အမှတ်တရ ပေါင်းများစွာကို နားထောင်ရင်း နှစ်ခြိုက်ခဲ့ဖူးသည်။ ဆရာပြောပြသော ရုပ်ရှင်ခေတ်ဦးပိုင်းက အတွေ့ အကြုံများဆိုလျှင် နားထောင်ကောင်းသလောက် ဗဟုသုတလည်းအလွန်ရှိခဲ့သည်။ နောက်တစ်ယောက်ကတော့ ဆရာဦးငြိမ်းမင်းဖြစ်သည်။ မြန်မာစာဆရာပီပီ စကားပြော ကောင်းသော ဆရာကတော့ အထူးတလည်ပြောစရာကိုမလို….ဆရာ့စာသင်ချိန်ရောက်ပြီဆို လျှင် အခန်းပြင်ရောက်နေသော သင်တန်းသားတွေတောင် တကူးတကပြန်ဝင်လာကြသည် အထိ ဆရာက စည်းရုံးရေးဟောပြောရေးကောင်းပါသည်။ နောက်တစ်ယောက်ကတော့ ဆရာပန်းချီ ဦးစိုးမိုးဖြစ်သည်။ အသားဖြူဖြူလူပုံနွဲ့ နွဲ့ နှင့် အဆင်ရောင်နုလေးများ ဝတ်တတ် သော ဆရာပုံစံက ဒါရိုက်တာတစ်ယောက်နှင့်တော့ သိပ်မတူပါ။ စကားပြောပြီဆိုလျှင်လည်း သင်တန်းသား သင်တန်းသူတစ်ယောက်ချင်းစီကို စူးစူးစိုက်စိုက်ကြည့်ပြီး စကားပြောတတ် သော ဆရာ့ကို ကြည့်ရသည်မှာ မာန်အပြည့်ရှိသည်ဟုယုံကြည်ရသည်။ အေဝမ်းသိန်းထွဍ် ဟူသော လေးလေးသိန်းစာသင်ချိန်တွေမှာတော့ ကျောင်းသားတွေ တဝါးဝါးတဟားဟား ဖြစ်ပြီး ပတ်တုတ်မရသောအချိန်တွေပဲဖြစ်လေသည်။ လေးလေးသိန်းပြောပြသော ဟာသ အတွေ့ အကြုံတွေဟာ ကျွန်မတို့တွေအတွက်သဘောကျနှစ်ခြိုက်စရာတွေချည်းဖြစ်ခဲ့ပါသည်။
ဦးထူးဟုကျွန်မတို့ခေါ်သောဦးထူးသာဝင်သည့်အချိန်တွေကတော့တော်တော့ကိုငိုရလေသည်။ ဘာကြောင့်လဲဆို ဦးထူးက သင်တန်းသားသင်တန်းသူတွေကို မျက်ရည်အစစ် ကျဖို့အတွက် အမြဲလေ့ကျင့်ခိုင်းလေ့ရှိသောကြောင့်ဖြစ်သည်။ ဒါပေမယ့် ဦးထူးဝင်သည့်အချိန်တွေကို ကျွန်မ အလွန်သဘောကျသည်…ကျွန်မကိုယ်တိုင်က အလွမ်းဓါတ်ခံရှိလေတော့ ဦးထူးက ငိုဆိုသည် နှင့် ကျွန်မက မျက်ရည် ပေါက်ကနဲဆိုကျပြီးနေလေပြီ။ နောက်ထပ်ကျွန်မ သဘောအကျဆုံး ဆရာတစ်ယောက်ကတော့ ဘဘဗိုလ်ကလေးဦးတင့်အောင်ဖြစ်သည်။ ဇာတ်ကွက်ဇာတ်လမ်း လေးတွေနှင့်မျက်လုံးထဲကွင်းကနဲမြင်အောင်ပြောနိုင်သောဘဘသည်အသက်ကြီးနေပေမယ့်လည်း အမြဲမာန်ပြည့်နေတတ်ပြီး အနုပညာဈာန်အပြည့်ဝင်စားနိုင်သည့် ကျွန်မအလေးစားရ ဆုံးဆရာတစ်ယောက်ဖြစ်သည်။ရုပ်ရှင်သရုပ်ဆောင်သင်တန်းကြီးပြီးသွားချိန်မှာတော့ ကျွန်မတို့ သင်တန်းသားသင်တန်းသူ တွေ တစ်ယောက်တစ်နေရာဆီကွဲကွာသွားကြပြီး ကိုယ်စီကိုယ်စီ ရင်းနီးရာ ဆရာများ ဗီဒီယို တိုက်များနှင့် အလုပ်လုပ်ကြသူကလုပ် သတင်းအစအနမြုပ်ပြီး ပျောက်သူကပျောက်နှင့် ဘဝဇာတ်ခုံကြီးမှာ ကခုန်ကြရလေသည်။
ကျွန်မကတော့ ကျွန်မသူငယ်ချင်းမိတ်ဆွေတွေ အဆက်အသွယ်ဖြင့် ဗီဒီယိုဇာတ်ကားတစ်ချို့ ကျိုကျဲကျိုကျဲရိုက်လာရသည်။ တခါမှ မတွေ့ ဖူးသော အတွေ့ အကြုံသစ်တွေရခဲ့သလို လူအမျိုးမျိုး လေ့လာဖြစ်ခဲ့သည်။ သရုပ်ဆောင်သစ်ဆိုပြီး နှိပ်ကွပ်ချင်သော လူများ၊ လူလူချင်း လူသားပြန်စားချင်သည့် လူကျားများ၊ နှမချင်းကိုယ်ချင်းမစာသည့် ဈေးကွက်တင်ရောင်းရန် ကြိုးပမ်းချင်ကြသူများကိုလည်း မြင်ဖူးခဲ့ရသလို တကယ်ကောင်းပြီး ကူညီတတ် သော စနိုးဝှိုက်ထုတ်လုပ်ရေးမှ ဦးမောင်တို့လို ဒါရိုက်တာမျိုးကိုလည်း ကြုံခဲ့ရပါသည်။
ပထမဆုံးအကြိမ်အဖြစ် ယမ်းဖေါက်ခွဲပြီးရိုက်ရသည့် သန်လျင်က ရိုက်ကွင်းတစ်ခုကို ကျွန်မ မှတ်မိသေးသည်။ ဆရာဦးအောင်ခိုင်တို့ရိုက်သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကျွန်မက လူဆိုးမ လုပ်ရသော ဇာတ်လမ်းဖြစ်သည်။ လူဆိုးတို့ရဲု့ထုံးစံအတိုင်း နောက်ဆုံးမှာ သေနတ်ဒဏ်ရာရ ကာ သေရမည်ဖြစ်သောဇာတ်ရုပ်ဖြစ်သည့်အတွက် ကျွန်မဝမ်းဗိုက်နားမှာ ဝါယာကြိုးတွေလာ ကပ်ချိန်တွင်တော့ ကျွန်မ မျက်စိမျက်နှာပျက်စပြုလေပြီ….ကျွန်မသည် ဟိုငယ်စဉ်ကထဲက မီးတို့  ဝါယာတို့နှင့်ပက်သက်လျှင် အလွန်ကြောက်တတ်သည်။ ဒါကို သေနတ်ဒဏ်ရာရလျှင် မီးငွေ့ ထွက်ရန်ဆိုကာ ဝမ်းဗိုက်တွင် ဝါယာတွေလာကပ်လေတော့ အတွေ့ အကြုံမရှိသည့် ကျွန်မ နှုတ်ခမ်းတွေဖြူကာ အသံတွေပါတုန်လေပြီ။ ဒီကြားထဲ သင်းသင်းယုလှိုင်က သူမ ယမ်းဖေါက်ခွဲရိုက်ကူးတုန်းက အတွေ့ အကြုံကြောင့် ပါးပြင်မှာ ဒဏ်ရာရခဲ့ကြောင်း မထင်မရှား သူမရဲ့ အမာရွတ်ပိစိညောက်တောက်ကိုပြပြီး ကျွန်မကို သတိပေးလေတော့ ပိုဆိုးသည်။
ဆရာ ကျွန်မ ဒီယမ်းမဖေါက်ပဲ ရိုက်လို့မရဘူးလားဆိုတော့ ဦးအောင်ခိုင်က စိတ်တိုပြီးအော် လေသည်။ အန်တီဝါဝါအောင်ကတော့ ဖြူဖတ်ဖြူရော်နှင့် ကျွန်မပုံစံကိုကြည့်ပြီး စိတ်မသက် မသာနှင့် အားပေးရှာသည်။ ကင်မရာမင်းကလည်း ဘာမှမဖြစ်ဘူး..မသကာ နင့်မျက်နှာမီးပွား စင်ရုံပဲဟု ရယ်ကျဲကျဲနှင့် ဟာသလုပ်လေတော့ ကျွန်မခမျာ ဘုရားစာရွတ်ရင်းသာ ရင်တမမ တရလေတော့သည်။ ကဲ…ဇာတ်လမ်းကတော့စပါပြီ…သေနတ်သံတွေ တဖေါင်းဖေါင်း ယမ်းငွေ့ တွေတလူလူနှင့် သန်လျင်က တောထဲတွင် ပြေးကြလွှားကြရပြီ…..ကျွန်မသေရမည့် ဇာတ်ရုပ်မှာ ဥက္ကာမင်းမောင်ကို ပစ်သည့်ကျည်ကို ကျွန်မက ကာရင်း ကျည်သင့်ရမည့် ဇာတ်ရုပ် ဖြစ်သည်။ ကျွန်မမျက်လုံးထဲမှာ ဘာကိုမှလည်းမမြင်တော့ပါ…ဖုံးလွှမ်းနေသော ကြောက်ရွံစိတ်တစ်ခုနှင့်ရောထွေးပြီး အသိလည်းမရှိတော့….actionဆိုသော အသံကြားသည်နှင့် ကျွန်မ ဥက္ကာမင်းမောင်ရှေ့ကို ပြေးအဝင်….ဖေါင်းကနဲမည်သော
ယမ်းပေါက်ကွဲသံနှင့် ဝမ်းဗိုက်ဆီမှ အူကနဲထွက်လာသော မီးခိုးငွေ့ များနှင့် အတူ ကျွန်မပစ်လဲကျသွားလေတော့သည်။ ဒိုင်ယာလော့တွေပြောနေသော ဥက္ကာမင်းမောင်ရဲ့ သရုပ်ဆောင်မှူကိုလည်း မသိတော့ ပတ်ဝန်းကျင်ကိုလည်း ကျွန်မ မသိတော့ပါ။ အမှန်ကတော့ ကျွန်မတကယ်ပဲ အကြောက်လွန်ကာ အသိလွတ်သွားခဲ့တာ ဖြစ်သည်။ သတိမေ့သွားတာမဟုတ်ပဲ သေချင် ယောင်ဆောင်ပြီးမျက်လုံးမှိတ်နေရာက အသိပါလွတ် သွားတာမျိုးဖြစ်သည်။ကဒ်ဟုအော်လိုက်ချိန်တွင် ဆက်လက်လဲကျနေသေးသော ကျွန်မကို ဥက္ကာမင်းမောင်က ဆွဲလှူပ်ရင်းသတိပေးသည်မှ အသိဝင်လာသည်။ အသိဝင်ဝင်ချင်း ကိုယ့်ဝမ်းဗိုက်ဆီကိုယ်ပြန်ငုံ့ကြည့်လေတော့ အပြာရောင်အင်္ကျီ အသစ်ချက်ချွတ်လေးမှာ မီးကျွမ်း ဒဏ်ရာကို မြင်ရသည်။ အတွင်းမှာတော့ အသားကို မထိအောင် မီးခံထားသည့် ဟာမျိုးဝတ်ဆင်ပေးထားသည့်အတွက် ဘာမှတော့ မဖြစ်ချေ။ ဦးအောင်ခိုင်ကတော့ ကျွန်မကို လူကြီးကတော့ ကျားကိုးစီးစားမကုန်ပုံနှင့် ကြောက်တတ်လိုက်တာ လွန်ပါရောဟု ရယ်လျက်ဆိုသည်။ ထိုကတည်းက ယမ်းဖေါက်ခွဲ ခံရမည့်ဇာတ်တို့ဘာတို့ကို ကျွန်မဝေးဝေးကရှောင်လေတော့သည်။နောက်တစ်ခါကြုံ ရတာကတော့ မီးဘေးမဟုတ်၊ ရေဘေးဖြစ်လေသည်။ ဦးကျော်သူ ဒါရိုက်တာလုပ်ရိုက်ကူးသော ဒီဗီဒီကားကြီးဖြစ်ပြီး ဇာတ်ညွှန်းထဲတွင် ကျွန်မတို့တွေမှာ ချောက်ထဲပြုတ်ကျကာ သေရမည့်အခန်းဖြစ်သည်။ ကျွန်မက ဦးကျော်သူကို ချောက်ထဲပြုတ်ကျသေတာကို ဘယ်လိုရိုက်မှာလဲ ဟုမေးတော့ သူက ကွန်ပျူတာနဲ့လုပ်မယ် ဟုပြောသဖြင့် စိတ်အေးလက်အေး ရှိသွားရသည်။ နောက်ရက်ကျတော့ တံတားအတုတစ်ခုဆင်နေကြတာကို မြင်ရသည်။ ကျွန်မမှာ ဒါမျိုးအတွေ့ အကြုံမရှိသဖြင့် ကျွန်မအမေအဖြစ်သရုပ်ဆောင်သော အန်တီ ခင်မို့မို့အေးကို သွားမေးတော့ သူကလည်း အင်း..ဟုတ်မှာပေါ့ ကွန်ပျူတာနဲ့လုပ် မှာမို့လို့ တံတားအတုဆောက်တာနေမှာပေါ့ ဟု ခပ်အေးအေးပင်ဖြေလေသည်။ ဘယ်ဟုတ်ပါ့မလဲ … တကယ်ရိုက်ကူးသောနေ့မှာပင် အဖြေကပေါ်လေသည်။ လှော်ကားဥယျာဉ်ထဲမှာ ကြိုးတံတားကြီးပေါ်တွင် ကျွန်မတို့တွေ ဖြတ်ကူးကြရပြီး ထိုကြိုးတံတားကြီးပေါ်မှ အောက်ဖက်ရှိရေကန်ထဲသို့ ခုန်ချကြရမည်တဲ့..။ ကြိုးတံတားနှင့်ရေကန်က အရမ်းအမြင့်ကြီးမကွာသော်လည်း အောက်ဖက်သို့ မမြင်ရသော နောက်ကျိနေသည့် ထိုရေကန်ရဲ့ အနက်ကိုမမြင်ရလေတော့ ရေမကူးတတ်သည့် ကျွန်မ ကြောက်ဒူးတုန်လေပြီ။ ဦးမောင်ရေ သမီးရေမကူးတတ်လို့ ခုန်မချပါရစေနဲ့လို့ သွားပြော လေတော့ဦးကျော်သူက ရေကန်က မနက်ပါဘူးဟု ခပ်ပေါ့ပေါ့ပင်ဆိုသည်။ ဆရာဦးအောင်ခိုင် ကလည်း ထိုကားထဲတွင် ပါလေတော့ ဆရာကို သွားအပူကပ်ပြန်သည်။ ဆရာလုပ်ပါဦး…သမီး ရေမကူးတတ်လို့ ခုန်မချရဲလို့ပါ ဆိုတော့ ဆရာကလည်း ရယ်ကျဲကျဲလုပ်ပြီး နင်က ရေလည်း ကြောက်တာပဲလား ဟုဆိုလေသည်။ ကျွန်မ ရေကြောက်တာတော့ မဟုတ်ပါ…အညိုရောင် ထကာ နောက်ကျိနေသော ထိုရေကန်အောက်ခြေကို မမြင်ရသဖြင့် တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေတာဖြစ်သော်လည်း ကျန်အဖွဲ့ သားများကတော့ ခပ်အေးအေးပင် ….လုပ်စရာရှိသည် များကို လုပ်နေကြလေသည်။ တံတားပြတ်ကျကာ သေမည့်အခန်းတွင် ပါရမည့် ကိုညီဘွား၊ အန်တီခင်မို့မို့အေးနှင့် ဦးအောင်ခိုင်တို့ကလည်း တံတားပေါ်မှာ အသင့်ရောက်နေကြပြီ။ ကျွန်မ တစ်ယောက်ထဲသာယောက်ယက်တွေခတ်နေရင်းဘုရားစာမပြတ်ရွတ်လျှက်ကျီးကန်းတောင်းမှောက်ဖြစ်နေရသည်။ ဦးကျော်သူက ရိုက်ကြဖို့ အားလုံးနေရာယူကြဆိုတော့ ကျန်လူများအား လုံးက ကိုယ်စီကိုယ်စီ တံတားလက်ရန်းဘောင်တစ်ဖက်စီကို ကျော်လျှက် ခုန်ရန်အသင့်အနေ အထားတွေမှာရှိနေကြပြီး အခုအချိန်အထိလက်ရန်းကို ကျော်ရကောင်းနိုးမကျော်ရကောင်းနိုး ချီတုံချတုံ ဖြစ်နေသော ကျွန်မကို ဦးကျော်သူက သိပ်စိတ်ရှည်ပုံမရတော့။ သူ့ကိုလှမ်းကြည့်ပြီး ဦးမောင် သမီးခုန်မချရဲဘူး ဟု အသံတုန်တုန်ဆိုသော ကျွန်မကိုစိတ်ပျက်လက်ပျက်ကြည့် လေသည်။ နောက်မှ…ကဲ…ကဲ..ခုန်မချရဲရင်လည်း ခုန်မချနဲ့တော့ တံတားလက်ရန်း ဟိုဖက်ကို ကျော်ပြီးပဲ ခုန်ချမယ်ဟန်လုပ်တော့ ဟုဆိုသည်။ ကျွန်မ ဝမ်းသာသွားပြီး တကယ်နော်…တကယ် ခုန်မချရဘူးနော် ဟုမေးတော့ ခေါင်းညိတ်ပြလေသည်။ ဦးအောင်ခိုင်က စိတ်မရှည်စွာနှင့် ဟိုကောင်မလေး …မြန်မြန်လုပ်တော့..ကြာနေပြီ ဟုကျွန်မကို လှမ်းအော်တာကို ရယ်ပြလိုက်ရင်း ဟုတ်ကဲ့ဟုဆိုကာ တံတားလက်ရန်းတစ်ဖက် ကို ခွကျော်လိုက်တော့ ကြိုးတံတားလှူပ်ရမ်းသွားတာကိုကြည့်ပြီး အလန့်တကြားထအော်မိ လိုက်သေးသည်။တံတားဘောင်ကို ကျောပေးလျက်အနေအထားဖြင့် မတ်တတ်ရပ်ရင်း ကြိုးလက်ရမ်းကို လက်ပြန်ဆွဲထားသော ကျွန်မကို ဦးကျော်သူ ကလှမ်းအော်သည်။ ဟဲ့..နင်အဲလို ဆွဲထားမှတော့ ဘယ်မှာ သဘာဝကျတော့မှာလဲ…ကြိုးကိုလက်နဲ့မဆွဲပဲ မှီပြီးရပ်နေ ဆိုသော သူ့စကားကြောင့် ကျွန်မမှာ ကြောက်ကြောက်နှင့်ပင် လေတိုက်တိုင်း လှူပ်နေသော ကြိုးတံတားလက်ရန်းဘောင်ကို မှီလျက် အသင့်အနေအထားဖြင့် ရပ်နေလိုက် လေသည်။ actionဟူသော အသံနှင့် မရှေးမနှောင်းမှာပင် တစ်စုံတစ်ယောက်က အနောက်ဖက်မှ တွန်းလိုက်သလို ကျွန်မ ဟန်ချက်ပျက်ကာ ထိုရေကန်ထဲ ဝရုန်းသုန်းကား ပြုတ်ကျသွား လေတော့သည်။ အော်ဖို့မဆိုထားနှင့် ပါးစပ်ထဲ အလုံးအရင်းဝင်လာသော ရွှံနွံရေများကိုတောင် ထွေးမထုတ်နိုင်ခင် ရေထဲသို့ နစ်ဝင်သွားပြီး အရှိန်ဖြင့်ကျလာသည့် ခြေထောက်များက အောက်ခြေနုန်းများထဲသို့ ဒူးအရင်းတိုင်အောင် မြုပ်ဝင်သွားလေသည်။ ခြေထောက်တွေ ကူးခတ်နေကြတာကို ခဏတော့ မြင်လိုက်ရပြီး ရေတွေဝင်ကာ ကျိန်းစပ်လာသောကြောင့် မျက်လုံးကို ပြန်မှိတ်မိသည်။ ကြောက်စိတ်တွေကြောင့် မရမက ရုန်းကြည့်သေးသော်လည်း နုန်းထဲမှ ခြေထောက်တွေက ပိုမိုကျွံဝင်သွားသလိုခံစားရသဖြင့် ကျွန်မ မလှူပ်ရဲလေတော့။ အသက်ကလည်း ကြာကြာမအောင့်ထားနိုင်တော့ ရေတွေက နှာခေါင်းမှ ပါးစပ်မှ တစတစဝင်လာကြသည်တွင် ကျွန်မ စိတ်ကို ဒုံးဒုံးလျှော့ချမိတော့သည်။ ဒီတစ်ခါဖြင့် သေရပြီပေါ့ဟု စိတ်တို့ကိုလွှတ်ပေးလိုက်ချိန်တွင် ကျွန်မတကိုယ်လုံးပေါ့ပါးသွား သလို ခံစားလိုက်ရသည်။ လေးလံနေသောလက်အစုံက မြောက်တက်သွားပြီး ရေပေါ်လှူပ်ခတ် သွားကာ တစ်စုံတစ်ယောက်က ကျွန်မကို ဆွဲတင်လိုက်သလို ရေပေါ်ပြန်တက်လာလေသည်။ကျိန်းစပ်နေသော မျက်လုံးတွေကိုချက်ချင်းဖွင့်မရသေးခင်မှာပဲ ရပြီ…. လမ်းလျှောက်တက်တော့ ဟူသော ဦးအောင်ခိုင်အသံကိုကြားရသည်။ ကျွန်မခြေအစုံက နုန်းမြေမာကို နင်းမိထားပြီး ကိုယ်တဝက်လောက်ကလည်း ရေပေါ်မှာရှိလျက် မျက်လုံးတို့ကို ကြိုးစားဖွင့်ကြည့်လိုက်တော့ ကမ်းပေါ်က ကင်မရာအဖွဲ့ နှင့် ရုပ်ရှင်အဖွဲ့ သားများကို မြင်ရသည်။ ကျွန်မရောက်နေသည့်နေရာက ကမ်းအစပ်နားမကျတကျဖြစ်သည့်အတွက် အပြေးအလွှားကုန်းပေါ်ပြေးတက်လိုက်တော့ ကင်မရာအဖွဲ့ မှ လူတစ်ယောက်က ကြည့်ပါဦး ရေမကူးတတ်ဘူးအော်နေပြီးရေထဲကျတော့ သူရေငုတ်တာအကြာဆုံးပဲ ဟုလှမ်းအော်သည်။ ကျွန်မ စိတ်တိုသွားရပြီး သေလိုက်ပါလား…ရေငုတ်နေတာမဟုတ်ဘူး ရေနစ်နေတာ လို့ပြန်အော်တော့ အားလုံးက ကျွန်မကိုကြည့်ပြီး ဝိုင်းဟားကြလေသည်။ဟားမှာပေါ့….နောက်မှ ကျွန်မပြန်သိရတာက အဲဒီရေကန်က လူကြီးတစ်ရပ်လွတ်ရုံသာနက်သော ရေတိမ်ကန်ဖြစ် သည်တဲ့။ ဒီတော့ အရပ်ရှည်သော ကျွန်မအရပ်နှင့်ဆို ဘယ်ရေနစ်နိုင်ပါ့မလဲ။ ဒါပေမယ့် ကျွန်မခြေထောက်တွေက နုန်းတွေထဲနစ်ဝင်သွားသော ကြောင့် ကျွန်မရေနစ်နေတာပါ လို့လည်း ရှည်ရှည်ဝေးဝေးရှင်းမပြချင်တော့ပါ။ ဦးခေါင်းမှ စပြီး ခြေဖျားအထိ နုန်းတွေပေကျံပြီး ရွှံနံ့တွေထွက်နေသော ကျွန်မတို့ ပုံတွေကိုကြည့်ပြီး မခိုင်ကတော့ ခွက်ထိုးခွက်လန်ကိုရယ် ပါသည်။ ကျန်လူတွေကလည်း အဖွဲ့ နှင့်ရောရယ်ကြ ပေမယ့် ကျွန်မကတော့ မရယ်နိုင်။ ကျွန်မကြုံခဲ့ရသည့် အတွေ့ အကြုံတစ်ခုကို ထိတ်လန့်မှူက ထိုနေ့က အိမ်ပြန်ရောက်သည် အထိမပျယ်ခဲ့ပါ။ ထိုဇာတ်ကားကတော့ကျွန်မနောက်ဆုံးရိုက်သည့်ကားကြီးဖြစ်ပြီးထို့နောက်မှာ တော့ ဇာတ်ကားများရိုက်ကူးသည်ကိုရပ်တန့်ကာ ဗိုလ်ချုပ်အောင်ဆန်းဈေးထဲတွင် အကျီင်္ဆိုင် တစ်ခုကျွန်မ ဖွင့်လှစ်ဖြစ်လေသည်။ကျွန်မကိုယ်တိုင်ဒီဇိုင်းထွင်ထားသောအထည်များကိုကျွန်မ သူငယ်ချင်းကောင်မလေးက ချုပ်ပေးပြီး လူအများဝတ်တာကိုကြည့်ရသော ပီတိကိုလည်း ကျွန်မကျေနပ်ခဲ့ပါသေးသည်။ အစပိုင်းတွင် အရင်းများခဲ့သော်လည်း ၆လခန့်အကြာတွင် အမြတ်တွေပြန်ပေါ်လာခဲ့သောကျွန်မဆိုင်သေးသေးလေးကိုကြည့်ပြီးပျော်ခဲ့ရသည့်ခံစားမှူတို့က ၁နှစ်ပဲခံပါသည်။ကျွန်မသူငယ်ချင်းကောင်မလေးရဲ့ နောက်ကျောမှ ထိုးသည့်ဓါးချက်က ပြင်းလွန်းသောကြောင့် ထိုဆိုင်လေးကိုစိတ်မကောင်းကြီးစွာဖြင့်ပိတ်လိုက်ပြီးမရှေးမနှောင်းမှာပဲ ကျွန်မ ဘယ်တုန်းကမှ စိတ်မကူးခဲ့သော ဘာမှန်းတောင်မသိခဲ့သော ဒူဘိုင်းဆိုသည့် အာရပ်နိုင်ငံတစ်ခုသို့ ဖြစ်ချင်ရာဖြစ်ဟုဆိုကာ ဖေါင်ဖျက်ထွက်လာခဲ့လိုက်တော့တာဖြစ်သည်။
June 30, 2011 at 4:04pm
ဘဝအစိတ်အပိုင်းတစ်ချို့ နှင့် အမှတ်တရများ(၃)
ပထမဆုံး ကျွန်မ စသိရသည့်ကောင်မလေးမှာ သွယ် ဟုအမည်ရသော ဖြူဖြူသွယ်သွယ်နှင့် ဆံပင်တိုတိုကောင်မလေးဖြစ်သည်။ သွယ် သည်မွေးချင်း ၃ယောက်မှာ အကြီးဆုံးဖြစ်ပြီး သူမ အိမ်တွင် ဦးဆောင်နေရသူလည်းဖြစ်သည်ဟု ကျွန်မကိုပြောပြပါသည်။ အသက် ၂၃နှစ်သာရှိ သေးသော်လည်း သွယ့်ရဲ့ လောကဓံလှိုင်းများက ကြမ်းတမ်းခဲ့သည်ထင်ရဲ့။သူမ မျက်နှာပေါ်မှာ ဘာကိုမှ ထီမထင်မှူကို အထင်းသားမြင်ရသည်။ ကြယ်၃ပွင့် အဆင့်ရှိသော ဟိုတယ်တစ်ခုတွင် သူမ အလုပ်ဝင်ရသည်။ စားသောက်ဆိုင်တွင်လုပ်ရသည့် စားပွဲထိုးကောင်မလေးဖြစ်သော သွယ်အနေနှင့် ထိကပါးရိကပါးလုပ်မှူများကို စရောက်သည့်နေ့မှာပဲ ခံရပါသည်။ သွယ် ဆိုသည့်ကောင်မလေးကလည်း ဘာကိုမှ ကြောက်တတ်သူ မဟုတ်လေတော့ သူမကို ရိသဲ့သဲ့ လုပ်ကြသူများကို အပြုံးတွေချွေချရင်း သူတို့အိတ်ထဲမှ tip money များများကျလာအောင် လုပ်တတ်လေသည်။ ဒီကြားထဲ kitchen ထဲမှ chefတွေနှင့်လည်း တည့်အောင်ပေါင်းထား တတ်လေရာ သူမ ထမင်းစားချိန်တိုင်းမှာ စိုပြေနေတတ်သေးသည်။ သွယ်က ပြောပါသည်။ အစ်မရယ်..သူတို့ပေးတဲ့ လစာလေးနဲ့ ကျွန်မ မိသားစု ဘယ်လိုစားလောက် မှာလဲ တဲ့။ ဒီတော့ ကျွန်မ မပြုံးချင်လဲပြုံးရတယ်…စိတ်ထဲမပါလည်း ဟန်လုပ်တတ်မှ အပို ဝင်ငွေရမှာပေါ့ အစ်မရယ် ဆိုတဲ့ သွယ်မျက်နှာနုနုလေးကို ကြည့်ရင်း သြော်..ငါ့ညီမလေးသာ ဆိုရင်ဆိုပြီး ကျွန်မရင်နာမိသည်။ အလုပ်ဝင်ပြီး ၁လခန့်အကြာမှာ သွယ်ရည်းစားရသွားသည် ဟု ကျွန်မကြားရသည်။ သွယ်ကိုမေးကြည့်တော့ ရှက်ပြုံးလေးပြုံးလျက် ဟုတ်တယ်အစ်မ…သူက ဗမာပဲလေ…kitchenထဲက Demi Chef လို့ဖြေသည်။ အင်း..ဗမာချင်းဆိုတော့ ကောင်းတာပေါ့ ညီမလေးရယ်ဟုဆိုသော ကျွန်မစကားကို ရယ်ကျဲကျဲလုပ်လျက် သွယ့်မှာ နောက်တစ်ယောက် ရှိသေးတယ် ဟုသူမဆိုတော့ ကျွန်မမျက်လုံးများကျယ်သွားရသည်။ နောက်ထပ်ရည်းစား တစ်ယောက်က သူမရဲ့ မန်နေဂျာဟုသွယ်က ပြောပြသည်။ အသက် ၂၅နှစ်သာရှိသေးသော ဆီးရီးယန်းလူမျိုးပါတဲ့။ သွယ်က သူမတကယ်ချစ်တာ အဲဒီမန်နေဂျာပါလို့ ကျွန်မကိုပြောတော့ ဒါဖြင့် ညီမလေးရယ်..ဘာလို့ ဗမာကောင်လေးနဲ့ကြိုက်နေသေးလဲ..ဟိုတယ်တစ်ခုထဲမှာကို သူတို့ပြန်သိမှာမကြောက်ဖူးလား ဟူသောကျွန်မစကားကို ပြုံးရယ်လျက် သွယ်က ပြန်ဖြေသည်။ သွယ့်မန်နေဂျာကို အဲဒီ ဗမာကောင်လေးက သွယ်အစ်ကိုလို့ပြောထားတယ်တဲ့။ သွယ့်ကောင်လေးကိုကျတော့ အဲဒီမန်နေဂျာက သွယ့်ကိုကြိုက်နေလို့ အလိုက်အထိုက်နေပေး ရတာပါလို့ပြောလိုက်တယ်တဲ့။ သွယ့်အဖြေစကားကြားတော့ ကျွန်မခမျာ ရင်ဖိရလေသည်။ သွယ်က ဆက်ပြောသည်။ သွယ့်ကောင်လေးက သွယ့်ထက်လစာများတယ်လေ.. ပြီးတော့  သူက သူ့ အိမ်ကို ပေးဖို့လဲမလိုဘူး…ဒီတော့ သူက သွယ့်အိမ်ကို ပေးဖို့ဆိုပြီး ဒေါ်လာလစဉ်လွှဲပေးတယ်တဲ့…ဟိုမန်နေဂျာကတော့ သွယ် shoppingထွက်သမျှကို လိုက်ရှင်းပေးတယ်လေ တဲ့။ ကျွန်မ မျက်လုံးပြူးကြည့်နေရုံမှ တစ်ပါး ဘာမှမတတ်နိုင်တော့ပါ။ ထိုမှ စပြီးကျွန်မနှင့်သွယ်သိပ်မဆုံဖြစ်တော့။ ကျွန်မအလုပ် မှာလည်း ခရီးသွားရာသီဖြစ်သောကြောင့် ဧည့်သည်တွေကျလာသဖြင့် ဂျုတီချိန်တွေ ပိုဆင်းရပြီး သွယ်တို့ဖက်အသွားအလာကျဲပါးသွားရသည်။ နွေဦးပေါက် ပူပြင်းသော ရာသီဥတု အချိန်တွင်တော့ အလုပ်တွေ အတန်အသင့်လျော့ပါးသွားခဲ့ပြီး သွယ်တို့ဖက် ကျွန်မခြေဦးပြန်လှည့်ဖြစ်တော့ သွယ့်ကို ကျွန်မမတွေ့ ရပဲ သွယ့်အခန်းဖေါ်ကောင်မလေး အိုင်ရင်းနှင့်သာတွေ့ ရသည်။ အိုင်ရင်းက သွယ်အဆောင်မှာမနေတော့ဟုပြောတော့ ကျွန်မ အံသြရပြန်သည်။ သူကဆက်ပြီး did u get any news about thwe ဟု စူးစမ်းသလိုမေး တော့ ကျွန်မနှင့်မတွေ့ တာ အတော်ကြာပြီဖြစ်ကြောင်းပြောရာ အိုင်ရင်းက အသံတိုးတိုးဖြင့် thwe is pregnant ဟု ကျွန်မနားနားကပ်ပြီးပြောသည်။ ဟမ် ကနဲ အာမေဍိတ်ကျသွားရသော ကျွန်မကိုကြည့်ပြီး အိုင်ရင်းရယ်ပါသည်။ အိုင်ရင်းဆက်ပြောသော သွယ့်အကြောင်းများက ကျွန်မကို ပိုမိုရင်မောစေရသည်။ သွယ်သည် မန်နေဂျာနှင့် ကိုယ်ဝန်ရကြောင်းကို စသိသည့်နေ့မှာပင် ဗမာကောင်လေးနဲ့ အတူလိုက်နေပါသည်တဲ့။ ဘာကြောင့်လဲဆို ဟိုမန်နေဂျာက သွယ့်ကိုမယူနိုင်ဘူးဟု ငြင်းလွှတ်လိုက်သည့်အတွက် သွယ့်အနေနှင့် တယောက်ထဲရပ်တည်ရန်မဖြစ်သည့် အဆုံး ဗမာကောင်လေးကို နာမည်တပ်ခြင်းဖြစ်သည်တဲ့။
အိုင်ရင်းက့ သွယ့်ကိုယ်ဝန်အကြောင်းကို အတတ်နိုင်ဆုံးဖုံးဖိပေးသော်လည်း တနေ့တခြားပူလာသော သွယ့်ဗိုက်က ဘယ်ဖုံးလို့ရပါ့မလဲဟု အိုင်ရင်းကဆက်ပြောသည်။ အပျိုဗိုက်ဖြစ်သဖြင့် ကိုယ်ဝန်၆လခန့်အထိ သွယ်ကဟန်ဆောင်နေနိုင်သော်လည်း လူသေးသေးလေးမှာ ဗိုက်တစ်ခုပဲပူလာသော သွယ်ကို မသင်္ကာသော management က ဆေးရုံခေါ်ပြီး ဆေးစစ်တော့မှမျက်လုံးပြူးကြရလေသည်ဆိုသော အိုင်ရင်းစကားတွေကို နားထောင်ရင်း ကျွန်မ စိတ်ဆင်းရဲရလေသည်။ အိုင်ရင်းပေးသော သွယ့်ဖုန်းနံပါတ် အသစ်ကို ချက်ချင်းခေါ်မိတော့ သွယ်အသံစူးစူးလေးကို ကြားရသည်။ သွယ်ရေ..အစ်မပါ ဆိုတော့ သွယ် အသံက ဝမ်းသာအားရဖြစ်သွားပြီး မမီးလား…သမီးမှာပြောစရာတွေအများကြီးရှိတယ် အစ်မ…အစ်မ ဘယ်မှာလဲ ဟုအလောတကြီးမေးလေသည်။ ကျွန်မလည်း သွယ်တို့ ဟိုတယ်နားမှာရောက်နေကြောင်းဆိုတော့ ၁၅မိနစ်အတွင်း သွယ်ရောက်မယ်ဆိုကာ ဖုန်းချသွားလေသည်။ ပန်းခြံလေးထဲက ထိုင်ခုံလေးမှာထိုင်ရင်း ဘေးဘီဝဲယာကြည့်ကာ အတွေးနယ်ချဲ့နေမိသော ကျွန်မ အမြင်ထဲတွင် ပန်းနုရောင်အကျီ င်္ပွပွလေးဝတ်ကာ ဂျင်းစကဒ် အတိုလေးဝတ်ထားသော ကောင်မလေးသွယ်ရဲ့ပုံရိပ်ဝင်လာပါသည်။ သိသိသာသာမြင်နေရပြီဖြစ်သော သွယ်ဝမ်းဗိုက်စူစူလေးကိုကြည့်ရင်း သက်ပြင်းချမိသော ကျွန်မကိုကြည့်ပြီး ပြုံးပြသော သွယ်မျက်နှာမှာ စိတ်ပျက်လက်လျှော့မှူတို့ကိုတော့ ကျွန်မ မမြင်ရပါ။ အစ်မသိပြီးပြီထင်တယ် ဟူသော သွယ့်အမေးကို လေပူတစ်ချက်မှူတ်ထုတ်ရင်း ကျွန်မ ခေါင်းညိတ်မိတော့ သွယ်ကရယ်ပါသည်။ရယ်နိုင်သေးတယ်သွယ်ရယ် ဟု ကျွန်မ ပြောတော့ သွယ်မျက်နှာလေး ရုတ်တရက်တည်သွားရပြီး သွယ် ငိုနေလို့ရော ဘာထူးမှာလဲ အစ်မရယ် ဟုခေါင်းလေးငုံ့လျက်ဆိုသည်။ သွယ်က ကျွန်မဘေးမှာဝင်ထိုင်လိုက်ပြီး သူမ ဖြစ်နေသည့်ဇာတ်လမ်းတွေကို ပြောပြပါသည်။ သွယ်ကို့ ဟိုအကောင်က မယူနိုင်ဘူးတဲ့… သွယ်နဲ့ သူက ဘာသာမတူလို့ သူ့အိမ်ကလည်းပေးစားမှာမဟုတ်ဘူးတဲ့လေ။ အဲဒါနဲ့ သွယ်လည်း ဗမာကောင်လေးကိုပဲ ပုံချလိုက်ရတာပါတဲ့…သွယ်မတရားမှန်းသိပေမယ့် မတတ်နိုင်ဘူးအစ်မရယ်တဲ့။ သွယ့်ကို ရုံးပေါ်က ဆေးခေါ်စစ်တော့ သွယ်မှာကိုယ်ဝန်ရှိ တာသိသွားကြတယ်။ သွယ်လည်း အဲဒီဗမာကောင်လေးက သွယ့်ယောကျာ်းလို့ပြောတော့ သူတို့က လက်ထပ်စာချုပ်တင်ခိုင်းတယ်လေတဲ့။ အစ်မသိတဲ့အတိုင်းပဲလေ..သွယ်တို့က ဘယ်လိုတင်နိုင်မလဲ…အဲဒီတော့ သူတို့က သွယ်ကို ပြန်လွှတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ လာမယ့် ၁၀ရက်နေ့ဆို သွယ်ပြန်ရတော့မယ်တဲ့။ သွယ့်ကောင်လေးကရောဆိုတော့ သူကတော့ ဒီမှာပဲရှိနေမှာလေ..သူက ပြန်စရာမလိုဘူးလို့သွယ်ကပြောပါသည်။ သူကတော့ သွယ့်ကိုပြောပါတယ်..ရန်ကုန်ရောက်ရင် သူ့အမေအိမ်ကိုသွားလိုက်ပါတဲ့…သွယ့်အကြောင်း ကို သူ့အမေကိုပြောထားပြီးပြီလို့ သူပြောတယ်အစ်မ ဆိုတဲ့သွယ်ကို စိတ်မောစွာကြည့်မိရင်း သွယ့်ကိုယ်ဝန်က ဘယ်နှလရပြီလဲ ဟုမေးတော့ သွယ်က ဗိုက်လေးကို ငုံ့ကြည့်ရင်း ၇လလောက်တော့ရှိပြီ ဟုပြန်ဖြေပါသည်။ ဘယ်လိုမှတော့ မအောက်မေ့နဲ့သွယ်ရယ်… သွယ်ပြန်မယ်ဆိုတော့ အစ်မ တတ်နိုင်သလောက်တော့ ကူညီပါရစေဆိုပြီး ကျွန်မ အိတ်ထဲမှာ အလွယ်တကူပါလာတဲ့ ဒေါ်လာ၁၀၀ကိုထုတ်ပေးတော့ သွယ်က ငြင်းပါသည်။ မငြင်းပါနဲ့သွယ်ရယ် အစ်မ တကယ်စိတ်မကောင်းဖြစ်မှာနော် ဆိုတော့ သွယ်က ကျွန်မ မျက်နှာကို သေသေချာချာစိုက်ကြည့်လေသည်။ သွယ်က သွယ့်ကို လူတွေက သနားတဲ့မျက်လုံးတွေနဲ့ ကြည့်တာကို ပိုခံစားရတယ် အစ်မရယ်ဟုဆိုကာ မျက်ရည်တွေ ဝိုင်းတက်လာလေတော့ ကျွန်မပိုပြီး စိတ်မကောင်းဖြစ်ရသည်။ ထိုနေ့က သွယ်နဲ့လမ်းခွဲခဲ့သည့် နောက်မှာတော့ ကျွန်မအဲဒီဖက်ကို ထပ်မရောက်ဖြစ်တော့ပါ။ လစာနည်းသော မြန်မာမလေး တစ်ယောက် မိသားစုကို ကူညီချင်စိတ်…မိန်းကလေးပီပီ အလှမက်သော စိတ်တွေကြောင့် ဘဝပါထိခိုက်ရလေသော အဖြစ်အပျက်တစ်ခုကို တွေးပြီး စိတ်မကောင်းဖြစ်ရုံမှလွဲလို့ ကျွန်မ ဘာမှမတတ်နိုင်တော့ပါ။ သွယ့်လို့အဖြစ်မျိုးနှင့် နောက်ထပ်မြန်မာမလေးတွေ မရှိပါစေနှင့်ဟု ကျွန်မဆုတောင်းခဲ့သော်လည်း ဆုတောင်းမပြည့်စွာပဲ နောက်ထပ်ရင်နာစရာ ဇာတ်လမ်းနှင့် ဆက်လက်ကြုံဆုံရလေသည်။
အငယ်ဆိုသော ကောင်မလေးရဲ့ ဇာတ်လမ်းကတော့ သွယ်နှင့်ခပ်ဆင်ဆင်ပေမယ့် တစ်မူကွဲပါသည်။ အငယ်သည် ကြယ်လေးပွင့်အဆင့်ရှိသော ဟိုတယ်တစ်ခုမှာလုပ်သည့် စားပွဲထိုးကောင်မလေးဖြစ်ပြီး စကားပြောလျှင် သွက်သွက်လက်လက်နှင့် စိတ်မြန်လက်မြန် ကောင်မလေးဖြစ်သည်။ အငယ်က ဗမာပြည်ပေါက် hinduကုလားမလေးဖြစ်သဖြင့် Indianလူမျိုးတွေပြောသော Hindiစကားကိုလည်း ကျွမ်းကျွမ်း ကျင်ကျင်တတ်သေးတော့ မိတ်ဆွေများသည်ဟုပြောနိုင်သည်။ လစာကတော့ ထုံးစံအတိုင်းနည်းသည့်အတွက် သူမသည်လည်း သွယ့်လိုပင် ရည်းစားမထားမဖြစ် ထားရလေသည်။ မြန်မာတွေအခေါ်က စပွန်ဆာပေါ့လေ။ အငယ့်ရည်းစားက အငယ်နှင့် ဟိုတယ်တစ်ခုထဲမှာလုပ်သော လုံခြုံရေးဝန်ထမ်း Indian လူမျိုးကောင်လေးဖြစ်သည်။ ထိုကောင်လေးက အငယ့်ကို ထောက်ပံ့ပေးပါသည်တဲ့။ ထုံးစံအတိုင်း မကြာခင်မှာပဲ အငယ်ကိုယ်ဝန်ရှိပါသည်။ ဒါပေမယ့် အငယ်က သူမမှာကိုယ်ဝန်ရှိနေမှန်း မသိပဲအမှတ်တမဲ့နေမိရာမှ ဇာတ်လမ်းက စလေသည်။
သူမနှင့် သူမကောင်လေး ဒစ်စကိုသွားပြီးအပြန်မှာ အမူးလွန်ပြီး အငယ် လှေကားအဆင်းမှ ပြုတ်ကျပြီး သွေးတွေတရဟောဆင်းလေရာ ကောင်လေးခမျာ မျက်လုံးမျက်ဆန်ပြူးပြီး ဆေးရုံပို့ရာမှ အငယ်ကိုယ်ဝန်ပျက်ကျခြင်းဖြစ်ကြောင်း အဖြေထွက်လာလေသည်။ ဒူဘိုင်းရဲ့ ဥပဒေမှာ အိမ်ထောင်မရှိပဲ ကလေးမွေးလျှင် ကလေးရောအမေကိုပါ ထောင်ချပြီး ကလေးကို နိုင်ငံပိုင်အဖြစ်သိမ်းကာ မိခင်ကို ထောင်နှစ်စေ့လျှင် သူ့နိုင်ငံပြန်ပို့ရသည်။ ကလေးဖျက်ချလျှင် တော့ သေစားသေစေ အယူခံမရှိသောဥပဒေဖြစ်သည်။ အငယ်သတိပြန်ရလာပြီး သူမအဖြစ်ကို သိရသောအခါ ထိတ်လန့်ရလေသည်။ ရဲတွေဝိုင်းမေးသော မေးခွန်းတွေကို ဖြေရင်းတုန်လှူပ်နေသော အငယ်နံဘေးမှာရှိနေပေးသော ကောင်လေးကြောင့်သာ အငယ် ကံကောင်းသည်ဟုဆိုနိုင်သည်။ ကောင်လေးက အငယ်မှာ သူနှင့်စေ့စပ်ထားပြီးသော မိန်းကလေးဖြစ်ကြောင်း ကိုယ်ဝန်ရှိနေမှန်းလည်း သူတို့မသိပဲ လှေကားမှပြုတ်ကျပြီး ယခုလိုအဖြစ်မျိုးဖြစ်မှသာ သူတို့သိရခြင်းဖြစ်ကြောင်း အငယ်ဆေးရုံမှ ဆင်းသည်နှင့် အငယ်နှင့် သူလက်ထပ်တော့မည်ဖြစ်ကြောင်း ရဲတွေကိုပြောလေတော့မှ အငယ်သက်သာရာ ရလေသည်။ ဒါတောင်လက်ထပ်ပြီးသည်နှင့်ရဲစခန်းတွင် certificate လာပြရန်..လာမပြမချင်း အမူကို ပိတ်မည်မဟုတ်ကြောင်း ရဲတွေက သတိပေးခဲ့သေးသည်။ မျက်ရည်တွေတွေကျပြီး အားကိုးရာမရှိတော့သော အငယ်ခမျာ ထိုကောင်လေးကို လက်ထပ်ရန်မှာတစ်ပါး အခြားမရှိတော့။ ကောင်လေးမှာ ပထမဇနီးရှိထားပြီးဖြစ်ကြောင်းသိထားသော်လည်း အငယ်အတွက် ရွေးချယ်စရာလမ်းမရှိတော့ပါ။ ကောင်လေးမှာလည်း မူဆလင်ဘာသာဝင်ဖြစ် သည့်အတွက် အငယ့်ကိုထပ်မံပြီးတရားဝင်လက်ထပ်ပိုင်ခွင့်ရှိသည့်အချက်ကြောင့်လည်း ကောင်း၊သူကိုယ်တိုင်ကလည်း တကယ်ချစ်မြတ်နိုးသောကြောင့်လည်းကောင်း အငယ့်ဖက်က အပြည့်အဝရပ်တည်ပေးခဲ့ခြင်းဖြစ်ပါလိမ့်မည်။ သို့သော် အငယ့်ခမျာ သူမမိဘများကို မဆက်သွယ်ရဲတော့ပါ။ Hindu ဘာသာဝင်ဖြစ်သော မိဘများအနေဖြင့် မူဆလင်နှင့်ညားသော သမီးတစ်ယောက်ကို သမီးအဖြစ်လက်ခံနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သောအရာဖြစ်သည် လေ။ မည်သို့ပင်ဆိုစေကာမူ အငယ်အတွက်ကတော့ ရွေးချယ်ခွင့်မရှိစွာလက်ထပ်ခဲ့ရပြီ ဖြစ်သည်။ ရန်ကုန်သိုလည်း မပြန်ဝံ့တော့သော အငယ့်အတွက် သူမခင်ပွန်းသည်နှင့် တကွ ပထမဇနီးကြီးကိုပါ မျက်နှာအောက်ကျို့ရတော့မည့်ဇာတ်လမ်းတစ်ပုဒ်အတွက် ဘယ်သူ့ကို အပြစ်တင်ရပါမည်လဲ…လစာနည်းသော ဟိုတယ်ဝန်ထမ်းမြန်မာမလေးတွေရဲ့ ဘဝကိုလား ကိုယ့်သားသမီးငွေ ဘယ်လိုရှာနေလဲမစဉ်းစားပဲ ပိုက်ဆံတွင်တွင်မှာတတ်သော ရန်ကုန်က မိသားစုကိုလားမသိတော့ပါ။ ကျွန်မ မသိလိုက်သော အခြားဇာတ်လမ်းတွေလည်း ရှိကောင်းရှိနေနိုင်ဦးမည်ဆိုပေမယ့် အဓိကကတော့ မြန်မာကောင်မလေးများ ဒူဘိုင်းသို့လာမည်ဆိုလျှင် ပညာအရည်အချင်းအဖက်ဖက်မှမပြည့်ဝပဲ ရရာအလုပ်ဖြင့် ထိုးထည့်ပေးတတ်လိုက်သော ရန်ကုန်မှ အေးဂျင့်တွေကိုပဲ အပြစ်တင်ချင်တော့သည်။ အေးဂျင့်feeကို တနင့်တပိုးတောင်းပြီး ကိုယ့်မြန်မာမိန်းကလေးများကို အောက်ခြေအလုပ်တွေဖြင့် တွန်းပို့တတ်သော ကိုယ်ချင်းမစာတတ်သည့် သူတို့ကိုပဲ အပြစ်တင်ရတော့မလား….ပညာအရည်အချင်းမပြည့်ဝပဲ နိုင်ငံခြားထွက်ရပြီးရောဆိုပြီး အိုးနင်းခွက်နင်းလာကြသော ကောင်မလေးတွေကိုပဲအပြစ်ပုံရမလား…ဒါမှမဟုတ် ကိုယ့်သားသမီး လစာဘယ်လောက်ရှိလဲမသိပဲ လစာထက်ပိုလိုချင် မှာယူတတ်သော ရန်ကုန်မှာကျန်ခဲ့သည့် မိသားစုတွေကိုပဲ အပြစ်တင်ရတော့မလား….နောက်ဆုံးတော့ ကံကြမ္မာဟုသာ ကျွန်မသတ်မှတ်ရတော့မည်။
July 1, 2011 at 9:53pm
( to be continue )
No comments:
Post a Comment