Saturday, September 28, 2013

တိမ်တွေပေါ်မှာပျံသန်းခြင်း(၁)

တစ်ခါကတိမ်တွေပေါ်မှာ ပျံချင်တဲ့ကောင်မလေးတစ်ယောက်ရှိခဲ့တယ်..... သူမနေ့တိုင်းတောင်းတဲ့ဆုက ကောင်းကင်ကြီးပေါ်ပျံပါရစေတဲ့..ဘယ်လောက်တောင် သူမပျံဝဲချင်နေခဲ့လဲဆို ခဏလေးဖြစ်ဖြစ်ပျံခွင့်ရရင်တောင် သေပျော်ပါပြီလို့ သူမရူးသွပ်နေခဲ့တာလေ...ဘုရားသခင်ကို သူမနေ့တိုင်း ဂျီကျပါသတဲ့...မနက်လဲမနက်မို့...ညလဲညမို့....အဲဒီဆုတစ်ခုကိုသာ တွင်တွင်တောင်းပါသတဲ့လေ...တနေ့တော့ ဘုရားသခင်က နားညည်းလာဟန်တူပါတယ်....ကဲ...ဒီလောက်ပျံချင်တာ ပျံတော့ဟယ်ဆိုပြီး အတောင်တစ်စင်းတပ်ပေးလိုက်ပါသတဲ့...ကောင်မလေးအရမ်းပျော်သွားပါတယ်...တကယ်ပါပဲ...သူမ ကျောပြင်မှာ အတောင်ပံတွေပေါက်လာတာကောလေ....အရွက်တွေဖားဖားနဲ့ ပန်းပွင့်တွေလိုမျိုး အတောင်ပံတစ်စုံကိုကြည့်ပြီး သူမ စပျံဖို့ကြိုးစားပါတယ်...မြေပြင်ပေါ်ကကြွတက်လာတဲ့ သူမကိုယ်သူမကြည့်ပြီး ပီတိတွေဖြစ်လို့ပေါ့...တဖြည်းဖြည်း မြင့်တက်လာတာနဲ့အမျှ သူမ လေဟုန်ပါစီးနိုင်လာပါတယ်....မာန်ဟုန်ပြင်းတဲ့ တောင်ပံရိုက်ခတ်သံတွေကိုနားဆင်ပြီး ပီတိတွေဖြစ်နေရတာနဲ့တင့် သူမ အရာအားလုံးကို မေ့လျှော့လို့ပေါ့....ပျံပါတယ်....အမြင့်ဆုံးကို...ဟိုးအမြင့်ဆုံးကို....မြင့်နိုင်သမျှမြင့်အောင်ကို သူမပျံပါတယ်....
သူမ မပျံခင်မှာ ဘုရားသခင်က သူမကို စကားတစ်ခွန်းပြောခဲ့ပါတယ်..မင်းဟာ လူသားတစ်ယောက်ဖြစ်တယ်....အဲဒီအတွက် ငါတပ်ပေးလိုက်တဲ့အတောင်တွေဟာ အစစ်မဟုတ်ဘူး...မင်းပျံနိုင်ရုံ...ပျော်ရွှင်မှူသက်သက်အတွက်သာ အသုံးဝင်မှာဖြစ်တယ်...အဲဒါကြောင့် ကောင်းကင်ကြီးနဲ့ နီးအောင်ပျံဖို့ ဘယ်တော့မှမကြိုးစားပါနဲ့တဲ့.....
ကောင်မလေးမေ့သွားပါတယ်...သူမပျံနေရတာနဲ့ကို ဘုရားသခင်မှာကြားခဲ့တဲ့ စကားတွေကို သတိမရတော့ပါဘူးတဲ့....
သူမ မြင့်သထက်မြင့်လာတယ်.....တိမ်တွေကြားမှာ ရောက်နေပါပြီ
သူမ တိမ်တွေကို ဖမ်းဆုပ်ကိုင်ကြည့်တယ်....သူမ အရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်....
တဖြည်းဖြည်းနဲ့ သူမ စကြာဝဌာကြီးအပြင်ဖက်နဲ့ နီးသထက်နီးလို့လာခဲ့ပါပြီ.... ကြယ်တွေ....လတွေ.....ဥက္ကာပျံကြီးတွေ.....မြင်မြင်သမျှ သူမပတ်ဝန်းကျင်ဟာ သစ်ဆန်းမှူတွေနဲ့လှပလို့ပေါ့....
သူမ သတိမထားမိခင်မှာ ပျံသန်းမှူအဟုန်ကျလာတယ်လို့ သူမ ခံစားရပါတယ်.....သူမအတောင်ပံတွေဟာ လေးလံလာသလိုပါပဲတဲ့...သူမ ကိုယ်အလေးချိန်ဟာ ပိုပိုစီးလာတယ်လို့ သူမခံစားလာရချိန်မှာတော့ ဘုရားသခင်မှာခဲ့တဲ့ စကားတွေကို သူမ အမှတ်ရသွားပါတယ်... အေးစက် ထိတ်လန့်မှူတို့နဲ့အတူ သူမ ပြန်ဆင်းဖို့ကြိုးစားပါတယ်....ဒါပေမယ့် သူမအတောင်ပံတွေကို မထိမ်းချုပ်နိုင်တော့ဘူး... နတ်သမီးအစစ်မဟုတ်တဲ့ကောင်မလေးခမျာ တောင်ပံတွေ တစတစလေးလံလာတာကို တဖြောင်းဖြောင်းခတ်ဖို့ကြိုးစားပါသေးတယ်....အချည်းနှီးပါပဲ.....တဖြည်းဖြည်းနဲ့ သူမ အားအင်တွေကုန်ခမ်းလာပါပြီ....တစ်ခါပဲပျံရရင် သေပျော်ပါပြီဆိုတဲ့ တောင်းခဲ့ဖူးတဲ့ ဆုတောင်းမှားကို အခုချိန်မှာ ပြန်နောင်တရနေလည်း အလကားပါပဲ...သူမ ပျံသန်းနိုင်စွမ်းတွေ ရပ်တန့်သွားကြပြီ......ဟုတ်ပါတယ်.....အင်မတန်ပြင်းထန်တဲ့ အရှိန်နဲ့ကို ထိုးဆင်းကျသွားတော့တာပါ....လေတွေ.....တိမ်တိုက်တွေ......ဂြိုဟ်ကမ္ဘာတွေ......အားလုံးဟာ အဝေးဆီမှာ မှူန်ပျစွာကျန်ခဲ့လို့.....
တဖြည်းဖြည်း......တဖြည်းဖြည်း................................၊             ။

(၂၆.၀၆.၂၀၁၁)ကိုရည်ရွယ်ပြီးရေးပါသည်။ပျံသန်းခွင့်ရသူတိုင်း ကိုယ်ပိုင် ကောင်းကင်နှင့်နီးကြပါစေ။

အိရွှေရည်ဝင်း
 July 2, 2011 at 11:44pm

No comments:

Post a Comment