ဘာရယ်မဟုတ်ပါဘူး...ဒီနေ့မနက်အိပ်ရာထတော့
ကျွန်မ ရည်းစားဟောင်းတစ်ယောက်ရဲ့ Profileကိုဖွင့်မိရင်းနဲ့
အမှတ်တရတစ်ခုကို သွားသတိရပြီး တစ်ယောက်ထဲ ရယ်နေမိတာ
အိနြေ္ဒတောင်မဆည်နိုင်ပါဘူး....။
အချိန်က ၂၀၀၀ခုနှစ်လောက်ကပါ...ကျွန်မငယ်တာမှ တော်တော်ငယ်ပါသေးတယ်....အဲဒီအချိန်မှာ ကျွန်မသူနဲ့တွေ့ ခဲ့ပါတယ်...သူကကျွန်မထက်အသက်ကြီးပါတယ်...ကျွန်မ သူနဲ့ ရည်းစားဖြစ်ခဲ့ကြတဲ့ အဲဒီအချိန်တွေက တကယ်ပျော်ဖို့ကောင်းခဲ့ပါတယ်...ထားပါတော့...အဲဒီနေ့က သူနဲ့ကျွန်မ အပြင်သွားကြပါတယ်..ကျွန်မအဲဒီနေ့က ဝတ်ထားတာ ချည်သားဘလောက်စ် အဖြူပွပွလေးနဲ့ လုံချည်အနက်ရောင်လေးပါ..
အဲဒီနေ့က အိမ်ပြန်တော့ မိုးတွေတဖွဲဖွဲကျနေတယ်...သူ့ ကားကပြိုင်ကားမျိုးလေးပါ...အတိအကျတော့ ကျွန်မသေချာမမှတ်မိတော့ဘူး....ကျွန်မကို သူပြန်ပို့တော့ ကျွန်မက အိမ်မှာ ကျွန်မအဖေရှိနေတာမို့ သူ့ ကို အိမ်ရှေ့အထိ မပို့ခိုင်းတော့ပဲ လမ်းထိပ်မှာပဲ ကားရပ်ခိုင်းလိုက်တယ်...သူက ကျွန်မဆန္ဒအတိုင်း လမ်းထိပ်လက်ဖက်ရည်ဆိုင်နဲ့မလှမ်းမကမ်းမှာ ကားရပ်ပေးတယ်...
ကားရပ်ပြီးပြီးချင်းတော့ ဘယ်ဆင်းဦးမလဲ...ချစ်သူတို့သဘာဝ တွတ်တီးတွတ်တာတော့ လုပ်ကြသေးတာပေါ့နော်...မခွဲနိုင်ဘူးတို့ ဘာတို့...ရုပ်ရှင်တွေရိုက်ကြသေးတာပေါ့....
ကျွန်မတစ်ယောက်ထဲလည်းမဟုတ်ပါဘူး..ကားနောက်ခန်းထဲမှာ ကျွန်မညီမလေးကလည်းပါသေးတယ်....အဲဒီမှာ သူက ကျွန်မပါးကို ဖွဖွလေးလှမ်းနမ်းပါတယ်...ညီမလေးရှေ့မှာဆိုတော့ ကျွန်မလည်း ရှက်အမ်းအမ်းဖြစ်ပြီး သွားတော့မယ်လို့ ..သူ့ ကိုကယောင်ကတမ်းနူတ်ဆက်ရင်း ကားပေါ်ကဆင်းလိုက်ပါတယ်...
အဲဒီမှာ စတာပဲ...
အဲဒီခေတ်က ဝတ်ကျတဲ့လုံချည်တွေက အမွှေးပွပွ အသားမျိုးတွေပါ...ကျွန်မကလည်း နကိုတည်းက လုံချည်ခိုင်အောင် မဝတ်တတ်တဲ့ မိန်းမလေ....
ဆိုတော့ ကျွန်မအတွင်းခံမှာ လုံချည်နဲ့ တွဲပြီး ချိတ်ထိုးဝတ်ပါတယ်( အဲဒီအချိန်က အခုလို့ စကဒ်ထမီတွေ ဝတ်ကျရကောင်းမှန်းမသိကြသေးဘူး)
အဲဒီမှာ ကျွန်မဝတ်ထားတဲ့ လုံချည်က သူ့  ကားထိုင်ခုံအောက်က တစ်ခုခုနဲ့ သွားငြိပုံရပါတယ်...ကားတံခါးဖွင့်ပြီး ကျွန်မကအဆင်း.....
လုံချည်ကတော်တော်ကြီးကို ခိုင်ခိုင်မာမာ ထိုင်ခုံအောက်မှာ ချိတ်ထားသလိုကို ငြိခဲ့တာဆိုတော့...ဂျိတ်နဲ့ထိုးထားတဲ့ အတွင်းခံကို ပါဆွဲချွတ်လိုက်သလိုဖြစ်ပြီး အဲဒီအရှိန်နဲ့ ကျွန်မက ကားဘေးမှာ မှောက်ခုံလဲကျပါတယ်...
မှောက်ခုံလဲတာမှ တကယ့်ကို ဝမ်းလျားထိုးလဲတာနော်...
ကဲ...ဖြစ်ပုံ.....မြင်ကွင်းကတော့ တကယ့်ကို လှပါတယ်....မိုးတွေက တဖွဲဖွဲရွာလို့....လက်ဖက်ရည်ဆိုင်ထဲက လူတွေဆိုတာလဲ ကျွန်မအဖြစ်ကို မင်သက်ငေးရင်း ရယ်ဖို့တောင်မေ့လို့....ကားထဲမှာ ထိုင်ကျန်နေတဲ့ ကျွန်မချစ်သူက ပထမတော့ သူလဲမင်သက်သွားပါတယ်...နောက်တော့ ဟန်မဆောင်နိုင်အောင်ကို တခွီးခွီးထရယ်တော့တာပါပဲ....ကျွန်မမှာ မျက်နှာတပြင်လုံးနီရဲထူပူပြီး ကားထဲကို ကရောသောပါးပြန်ဝင်လို့ အပြင်ကိုလည်းပြန်မထွက်ရဲ...သူ့ ရှေ့မှာလည်း ဘယ်လိုမျက်နှာနဲ့ဆက်ထိုင်နေရမလဲဆိုတာ မသိနိုင်လောက်အောင် အဲဒီနေရာကနေ အငွေ့ ပျံပျောက်ဆုံးသွားချင်ခဲ့တာပါ...အဲဒီတုန်းက ရက်သတ္တပတ်တော်တော်များများ ကျွန်မအိမ်တွင်းအောင်းဖြစ်ခဲ့ပါတယ်...အခုပြန်တွေးကြည့်တော့ ကိုယ့်ကိုကိုယ်တောင် ဟန်မဆောင်နိုင်လောက်အောင်ရယ်ဖြစ်မိတာ....အမှတ်တမဲ့ကနေဖြစ်သွားခဲ့တဲ့ အမှတ်တရဟာသတစ်ပုဒ်ပါပဲရှင်.....။
အိရွှေရည်ဝင်း
July 10, 2011 at 9:24am

No comments:
Post a Comment