Saturday, September 28, 2013

ဝက်သားတုတ်ထိုးနှင့် ကျွန်မ၏ ငယ်ဘဝ


ကျွန်မ ငယ်ငယ်က အရမ်းစွဲလမ်းခဲ့တဲ့ လမ်းဘေးစားစရာကတော့ ဝက်သားတုတ်ထိုးပါပဲ။ ခက်တာက မုန့်ဖို့းရယ်လို့ ငွေကြေးမကိုင်ရတဲ့ ကျွန်မအတွက် ဝက်သားတုတ်ထိုးစားချင်ပြီပော့ဆို အရမ်းသနားဖို့ကောင်းတယ်။
အမေက ကျွန်မတို့ကို မုန့်ဖိုးမပေးပါဘူး။ မုန့်ဘူးလေးတွေထဲမှာ  ပေါင်မုန့်တွေကို jum တွေ ပျားဂေဟာက ထောပတ်တွေ သုတ်ပြီးထည့်ပေးတယ်။ ချောကလက်အပြားကြီးတွေကို မုန့်ဖိုးအစား မုန့်ဘူးထဲထည့်ပေးတယ်။ အဲဒီတော့ ကျောင်းရှေ့မှာ လူတစ်ကာ အလှူလိုစားနေတဲ့ ဝက်သားတုတ်ထိုးကို သွားဆွဲဖို့ဆိုတာ ကျွန်မအတွက်တော့ အိပ်မက်တစ်ခုလိုပဲ။ တကယ်တန်း ရမယ့် ရတော့လည်း ၄တန်းလောက်ရောက်မှ မုန့်ဖိုးစရတာ.....အဲဒီလိုရဖို့ မောင်နှမ၂ယောက် တော်တော့်ကို တိုက်ပွဲဝင်ယူလိုက်ရတယ်။ စရရချင်းနေ့ပဲ အဲဒီမုန့်ဖိုးလေးတွေနဲ့ ကျွန်မ သိပ်စားချင်တဲ့ တုတ်ထိုးဆိုင်ဆီ တန်းပြေးတာပဲ။ ဈေးမေးကြည့်တော့ ကျွန်မမှာရှိတဲ့ပိုက်ဆံနဲ့ဆို အသည်းလေးခုစားလို့ရတယ်တဲ့။ တုတ်ထိုးရောင်းတဲ့လူ စကားမဆုံးခင် ပလောက်ပလောက်နဲ့ ဆွဲစားပစ်လိုက်တာ......အာသာကမပြေချင်ဘူး။ အဲဒါနဲ့ နောက်ထပ်စားလို့ရဦးမလားလို့ မေးတော့ အဲဒီဦးလေးကြီးက ရယ်ရယ်မောမောနဲ့ အသည်း၂ချောင်းထပ်ပေးတယ်။ အရမ်းပျော်သွားပြီး အဲဒီနေ့ကစလို့ နေ့လည်မုန့်စားဆင်းရင် သူများတွေလို မုန့်ဈေးတန်းမပြေးပဲ အခန်းထဲအောင်း....ပန်းချီတွေဆွဲ၊ ညနေကျောင်းဆင်းတော့မှ တုတ်ထိုးသည်ဆီ အသည်းအသန်ပြေးပြီး မစို့မပို့စား။ အဲလိုနေ့ရက်တွေကို ဖြတ်သန်းခဲ့တာ။ အဲဒီအချိန်တွေက အိပ်မက်တွေကတော့ "တုတ်ထိုး ဝဝလင်လင်စားရေး တို့အရေးပဲ"။အိမ်ကို ဦးလေးတွေ အဒေါ်တွေလာလည်ရင် အမေတို့မသိအောင် တိတ်တိတ်လေး လိုက်ကျွေးခိုင်းတာ....အဲဒီတော့မှ အဝစားရတာ။ အမေနဲ့အဖေက ကျွန်မတို့ မောင်နှမတွေ လမ်းဘေးအစားအသောက်တွေစားမှာကို အလွန်အမင်းပူပန်တတ်တဲ့ မိဘမျိုးတွေလေ။
ခက်တာက အဒေါ်တွေ အိမ်လာလည်လို့ တုတ်ထိုးလိုက်ကျွေးခိုင်းပြန်တော့လည်း သူတို့က ကိုယ်စားချင်သလောက် အတိုင်းအတာကို မကျွေးကြပြန်ဘူး။ ကလေးပဲ...ကလေးလောက်ပဲစား....အစားများများစားလို့ တစ်ခုခုဖြစ်ရင် ညည်းအဖေနဲ့ ငါတို့မရှင်းနိုင်ဘူးဆိုပြီး လစ်မစ်လုပ်ကြပြန်ရော။ သိတဲ့အတိုင်းလေ....ကလေးဆိုတာတော့ ကြိုက်တာတွေ့ စားမှာပဲ။ အန္တရာယ်တွေ ဘာတွေသိတာမှမဟုတ်တာ။ ဝက်သားတုတ်ထိုးဆိုတာမျိုးကလည်း လူကြီးတွေတောင် စားမိရင် ရပ်မရတဲ့ အရာဆိုတော့ ကလေးတစ်ယောက်အနေနဲ့ controlလုပ်ဖို့ဆိုတာ တော်တော်ခက်ခဲ့တာပဲ။
ဒီလိုနဲ့ တစ်နေ့ပေါ့လေ.......ကျွန်မ ပန်းချီပြိုင်ပွဲ စဝင်ခါစပေါ့။ ဆုရပါတယ်။ ပုံမှန်ဆို အားကစားဆုတို့ ပန်းချီဆုတို့ကို ဆုတံဆိပ်တွေပေးတာများပါတယ်။ ဖြစ်ချင်တော့ အဲဒီအကြိမ်ကစလို့ ငွေသားပါ စာအိတ်လေးတစ်လုံးနဲ့ စရကြပါတယ်။ ကျွန်မ ဆုသွားယူတဲ့နေ့က အဖေကလည်း ရုံးမှာ အလုပ်များလို့ လိုက်မလာနိုင်ဘူး......အမေကလည်း စာနဲ့ပက်သက်တဲ့ ဆုမဟုတ်ပဲ ပန်းချီဆုပဲရလို့ ရှက်တယ်ဆိုပြီး လိုက်မပေးပါဘူး။ ကလေးလေးကျွန်မမှာ ဆုသာတက်ယူရတယ်....မျက်ရည်စီးချောင်းလေးတွေနဲ့....ကျွန်မတို့ သချာင်္ဆရာမ ဒေါ်နှင်းဥမ္မာက ချော့လို့။ စင်ပေါ်ကလည်း ဆင်းလာရော အဲဒီစာအိတ်လေးဖေါက်ကြည့်တော့ ၃၅၀တဲ့။ အောင်မယ်လေးလေး.....များလိုက်တဲ့ ပိုက်ဆံတွေပေါ့။ အဲဒီတုန်းက ကျွန်မ တစ်နေ့မုန့်ဖိုးမှ တစ်ကျပ်ရတာလေ။ ငိုလက်စ မျက်ရည်လေးတွေတောင် ဘယ်ရောက်သွားမှန်းမသိဘူး....မျက်လုံးထဲပေါ်လာတာက ဝက်သားတုတ်ထိုး ဗန်းကြီး..........။ ဘယ်သူ့ ကိုမှမပြောပဲ အသာလေး ခန်းမကြီးထဲကနေထွက်......ကျောင်းရှေ့မှာရောင်းနေကျ တုတ်ထိုးသည်ကို ရှာတော့ ကျောင်းပိတ်ရက်မို့ထင်ပါရဲ့....ရှိနေကြ ရောင်းနေကြနေရာမှာ အဲဒီဦးလေးကြီးက မရှိပါဘူး။ ကိုယ်ကလည်း ဝက်သားတုတ်ထိုး ယင်းထပြီး သားရည်တမြားမြားဖြစ်နေပြီ။ ဘာပြောကောင်းမလဲ......မျက်လုံးထဲပေါ်လာတဲ့ နောက်ထပ်တုတ်ထိုးဆိုင်က ဖေကြီးကျောင်းလာကြိုရင် ဖြတ်သွားနေကျ ၁၂လုံးတန်းကားမှတ်တိုင်နားက တုတ်ထိုးဆိုင်။ ဆရာအတတ်သင်ခန်းမရှေ့ကနေ ၁၂လုံးတန်းကို မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ ဖလမ်းဖလမ်းထပြီးရောက်သွားတာ......။
နေ့လည်  ၃နာရီနေပူပူကြီးမှာ တုတ်ထိုးဆိုင်ရှေ့မိန့်မိန့်ကြီးရပ်ပြီး ငါသာသည် သူဌေးမင်းဖြစ်တော့သကိုးဆိုတဲ့ ရုပ်ကြီးနဲ့။ ဆိုင်ထဲကို ခပ်တည်တည်ဝင်ထိုင်လိုက်တယ်....အမယ်..လက်ထဲမှာက အသပြာ ၃၅၀တောင်ရှိနေမှကိုး။ ဝက်ခေါင်း.....ဝက်လျှာ.....ဝက်နှာနု.....အို.....စုံနေအောင်ကို စားပစ်တာ။ တုတ်ချောင်းတွေ ကိုယ့်ရှေ့မှာပုံလာတော့ ဦးလေးကြီးက မျက်လုံးပြူးလာတယ်။ သမီး.....၁၅၀ဖိုးရှိပြီနော်လို့ သတိပေးရှာတယ်။ ကျွန်မက ခပ်တည်တည်နဲ့ "စိတ်မပူနဲ့ ဦးလေး...သမီးမှာပိုက်ဆံပါတယ်"ဆိုပြီး ရုပ်တည်ပဲ။ စားရင်းစားရင်း ၂၀၀ကျော်လာတော့ သူက ထပ်သတိပေးပြန်တယ်။ ဒါနဲ့ အစားအသောက်ပျက်လို့ စိတ်တိုတဲ့ ရုပ်နဲ့ "ဦးလေးကြီး....သမီးမှာ ပိုက်ဆံ ၃၅၀ပါတယ်။ ဦးလေးပြောချင်ရင် ၃၅၀ပြည့်မှပြောတော့" ဆိုပြီး ခပ်တင်းတင်းပြန်ပြောလိုက်တော့ သူလည်း ဘာမှပြန်မပြောတော့ဘူး။ စိတ်ထဲတော့ အေး....ပိုက်ဆံပါချင်ပါ...မပါလို့ကတော့ တုတ်ထိုးလုပ်ပစ်မယ်လို့များ တွေးချင်တွေးနေမလားမသိဘူး။
ကျွန်မကစားလိုက် သူက တုတ်ချောင်းတွေကို ယူပြီး တွက်လိုက်လုပ်နေတာ ဘယ်လောက်ကြာသွားတယ်မသိဘူး။ ၃၅၀ပြည့်ပြီ သမီးရေ........တဲ့။ သူ ၃၅၀ပြည့်ပြီလို့ ပြောတဲ့ အချိန်မှာ ကျွန်မလည်း အာသာပြေရုံမက ဗိုက်တင်းကားနေပြီး လမ်းတောင်ထမလျှောက်နိုင်တော့ဘူး။ စာအိတ်ထဲက ပိုက်ဆံ ၃၅၀ကို ထုတ်ပေးတော့ ဦးလေးကြီးက ပြုံးပြီး နောက်ထပ်၁၀ချောင်း အပိုထပ်စားဆိုပြီး ဝက်လျှာကြိုက်တဲ့ ကျွန်မအတွက် လျှာတွေထပ်လှီးပေးရှာသား။ ကျွန်မကလည်း မငြင်းဘူး.....တအိအိနဲ့ ကောက်စားပစ်ရော။ စားလို့လည်း ပြီးရော.......အဲဒီပိစိညှက်ပိန်သေးသေးကလေးမလေးခမျာ တအင့်အင့်နဲ့ ဗိုက်ကြီးသည်လမ်းလျှောက်သလို တလှမ်းချင်းမနည်းရွေ့ အောင်လျှောက်ပြီး အိမ်တော့ အရောက်ပြန်ရှာပါတယ်။ အိမ်လည်းရောက်ရော ညကစပြီး ရောက်လိုက်တဲ့ ပန်းကမ္ဘာ.............၄ရက်ဆက်တိုက်။ ပြီးပါလေရော...............ဝက်သားတုတ်ထိုးကို အဲဒီလိုကို မုန်းအောင် စားပစ်ခဲ့ဖူးတာ။

အိရွှေရည်ဝင်း
December 5, 2012 at 5:37pm

No comments:

Post a Comment