Saturday, September 28, 2013

အဆုံးမဲ့ ပြေးလမ်း

အမေ....တစ်ခါတစ်ခါ မွန်းကျပ်မှုတွေကြုံတိုင်း လွတ်လပ်ပျော်ရွင်ခဲ့ရဖူးတဲ့ အဖေ့အရိပ်ကိုလွမ်းမိတယ်....ကိုယ်သဘောနဲ့ကိုယ် ထွက်လာခဲ့တဲ့နိုင်ငံခြားဆိုတာ တကယ်တော့ မိသားစုအတွက်ပါ....ဘယ်သူကတော့ ကိုယ်အရပ်ဒေသမဟုတ်တဲ့ တစိမ်းတရံတွေကြားမှာ ပျော်ပိုက်နေမှာတဲ့လဲ...လိုအပ်ချက်တွေကြောင့်သာ ကိုယ့်နိုင်ငံကိုစွန့်ခွာပြီး ထွက်ခဲ့ကြတာပါ....
ပီဇာတွေ ဘာဂါတွေ ကောင်းပေ့ဆိုတဲ့ ဟိုတယ်ကြီးတွေမှာ စားနေပေမယ့် အမေ့လက်ရာ အိမ်ထမင်း အိမ်ဟင်းဟာ သားသမီးတိုင်းအတွက် ထမင်းမြိန်ဆေးပါ..
ကားကောင်းကြီးတွေစီးပြီး မြင့်မားလှတဲ့လူနေမှူအဆင့်အတန်းတွေနဲ့ နေရလို့ အမေ့သမီး ပျော်နေမှာပေါ့လို့ အမေထင်ရင်မှားလိမ့်မယ်...များပြားလှတဲ့ လစာငွေတွေကြားမှာ သမီးရဲ့ နုပျိုမှုတွေ ဖျတ်လတ်တက်ကြွမှုတွေ တတိတိပျောက်ဆုံးလာခဲ့တာ အမေ မသိတာပဲကောင်းပါတယ်....အဲဒီလိုဘဝမျိုးထက် အဖေ့ကားအိုကြီးစီးပြီး မိသားစုလိုက် ပျော်ပွဲစားထွက်ခဲ့ကြတဲ့ ဘဝမျိုးကို ပြန်လွမ်းမိတယ်ဆို အမေယုံမလား....စက်ရုပ်ဆန်ဆန်ရှင်သန်နေရတဲ့ ဒီဘဝမျိုးထက်စာရင် ရန်ကုန်မှာနေပြီး လရောင်အောက်မှာ လဖက်သုပ်တစ်ပွဲနဲ့ မိသားစုစကားဝိုင်းလေးတစ်ခုက ပိုတန်ဖိုးရှိတာပေါ့ အမေ.....
ငွေမရှိရင် မပြည့်စုံဘူးလို့ သမီးတို့သိထားကြပေမယ့် ငွေဟာ အရာခပ်သိမ်းမဟုတ်ဘူးဆိုတာ သမီးသဘောပေါက်သွားခဲ့ချိန်မှာ သမီးကိုယ်တိုင်က တိုင်းတပါးလခစားဖြစ်နေပြီး သမီး ကိုယ်တိုင်တောင်ပျောက်ဆုံးနေခဲ့ပြီ....
အမေတို့ ပြောတဲ့ လိုအပ်ချက်တွေကို လိုက်ဖြည့်ဆည်းပေးဖို့အတွက် သမီးရဲ့မာန တစ်ချို့ ကို မီးရှို့ ပစ်ခဲ့ရပေမယ့် ငါ့မိသားစုအတွက်ဆိုပြီး ကြံဖန်စိတ်ဖြေတတ်တာ သမီးတို့လို  အကြီး  တွေပေါ့ အမေရယ်....
ငါ့သမီးကြီး လိမ်မာတယ်ဆိုတဲ့ စကားတစ်ခွန်း အမေဆီက ကြားဖို့အတွက် သမီးလုပ်ပြခဲ့ရတာတွေက တနင့်တပိုး...ဒါပေမယ့် သမီးကျေနပ်ခဲ့ပါတယ်...ဘာလို့လဲဆိုတော့ သမီးဆိုတာ အမေကိုနားအလည်ဆုံးလူတစ်ယောက်ဖြစ်နေလို့ပဲ အမေ....
ဘာပဲဖြစ်ဖြစ်ပေါ့ အမေရယ်....သမီး ငိုချင်နေရင်တောင် မျက်ရည်မကျအောင်ထိမ်းသွားမှာပါ....တကယ့် တကယ်မှာတော့
သမီးပြုံးနေပေမယ့် မပျော်ခဲ့ပါဘူး အမေ.....သမီး ငွေတွေအများကြီးရနေပေမယ့် စိတ်မချမ်းသာခဲ့ပါဘူး အမေ.....သမီး ဇိမ်ကျကျနေနိုင်ခဲ့ပေမယ့် အိပ်မပျော်ခဲ့တဲ့ညတွေ ပိုများလာခဲ့တယ် အမေ.....အဝတ်ဆင်ဆန်းတွေ မရိုးအောင်ဝတ်လာနိုင်ခဲ့ပေမယ့် သမီး စိတ်တွေ ပို ပိုအိုမင်းလာခဲ့တယ် အမေ......မိသားစုကိုလိုအပ်ချက်တွေဖြည့်ဆည်းပေးခဲ့ပေမယ့် သမီးမှာ ကွက်လပ်တွေပိုများလာခဲ့တယ် အမေ....
ပြေးလမ်းကြောင်းတစ်ခုမှာ သမီးကတော့ပြေးနေဆဲပါပဲ....သမီးတို့ရဲ့ မိသားစုအတွက်.....အမေ့အတွက်ပေါ့....သမီး ပြေးနိုင်သရွေ့  မလဲကျသေးသရွေ့ ပေါ့လေ....မောပန်းနေပေမယ့် သမီး ပြေးနေဆဲပါပဲ.......။

အိရွှေရည်ဝင်း
 November 11, 2010 at 10:25pm

No comments:

Post a Comment