Friday, September 27, 2013

မူလဗီဇအချစ် (သို့မဟုတ်) ချစ်သူ အတွက် essay

အချစ်ဆိုတာ ဘာလဲ! ………..တကယ်တော့ သိပ်ကျယ်ပြန့်လွန်းပါတယ်။
ကျွန်မလက်ခံယုံကြည်ထားတဲ့ အချစ်ဆိုတာတော့ “ချစ်သူကို စိတ်ချမ်းသာစေခြင်း”ပဲ။ သေချာတာက အချစ်ဆိုတာ ခုတုံးလုပ်စရာ နာမတစ်ခုမဟုတ်ဘူး၊ စိတ်အဆာဖြေဖို့ ကြားခံနယ်တစ်ခုမဟုတ်ဘူး၊

အချစ်ရဲ့ မူလဗီဇက ဖြူစင်တယ်….လှပတယ်….ရိုးသားတယ်။
အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုတွေလက်ထဲရောက်မှ ဗီဇပြုပြင်ခံလိုက်ရရင်တော့ ဒါဟာ မူလပထမ အစစ် မဟုတ်နိုင်တော့ဘူးလေ။

ကျွန်မမှာ မူလဗီဇအချစ်နဲ့ မြတ်နိုးရတဲ့ ချစ်သူတစ်ယောက်ရှိတယ်……….ကျွန်မ သူ့ ကို သိပ်ချစ်တယ်။
သူနဲ့ ဆုံဆည်းခွင့်ရနိုင်မလား….မရနိုင်မလား….မသေချာပဲနဲ့တောင် ချစ်နေရတဲ့ အချစ်မျိုးနဲ့ ကျွန်မ သူ့ ကို ချစ်ခဲ့တာ။

သူဟာ ကျွန်မအတွက် ဘုရားပေးတဲ့ လက်ဆောင်တစ်ခုဖြစ်ကောင်းဖြစ်လိမ့်မယ်….. ကံတရားရဲ့ မျက်လှည့်ပြကွက်တစ်ခု ဖြစ်ကောင်းဖြစ်မယ်….ဘယ်လိုပဲဖြစ်စေ…..သူနဲ့ကျွန်မ ချစ်သူတွေဖြစ်ခဲ့ကြတာ ကံကြမ္မာရဲ့ မျက်နှာသာပေးမူတစ်ခုပါပဲ။
သူ့ကို ကျွန်မ သိပ်တန်ဖိုးထားတယ်။ ကမ္ဘာပေါ်မှာ ရှိရှိသမျှအရာအားလုံးထက် သူ့ ကိုကျွန်မ တန်ဖိုးထားတယ်ဆိုတာ သူလက်မခံချင်လို့မရတဲ့အမှန်တရားတစ်ခုဆိုတာ သူတစ်နေ့သိလာပါလိမ့်မယ်။

သူ့ကိုချစ်တယ်လို့ မြတ်နိုးစွာ ဖွင့်ဟဖြစ်တဲ့ စကားတစ်ခွန်းဟာ ကျွန်မ နူတ်ခမ်းဖျားက အလွယ်တကူ လမ်းလျှောက်လာတဲ့စကားမဟုတ်ခဲ့ဘူး၊  သူပျော်ရွှင်နေတာ….သူ့ အပြုံးတွေအမြဲတောက်ပနေစေချင်တာ… ကျွန်မ ရင်ထဲမှာ ရာသက်ပန်ရှိနေမယ့် သစ္စာတရားပါ။

သ၀န်တိုတာကို အချစ်လို့သတ်မှတ်တဲ့ မိန်းမဆန်လွန်းတဲ့ချစ်သူမျိုးထဲမှာ ကျွန်မ မပါချင်ဘူး။ ကိုယ်ပိုင်အတ္တတစ်ခုအတွက် ချစ်သူကိုကြိုးတွေနဲ့ တုပ်နှောင်တတ်တဲ့……ကိုယ့်လောဘတစ်ခုအတွက် ချစ်သူကို လှောင်အိမ်ထဲမှာ မွန်းကျပ်စေတတ်တဲ့…..ဆန္ဒလွန်ကဲမူတွေ ကျွန်မဆီမှာ မရှိတာ သူတော်တော် ကံကောင်းပါတယ်။
ချစ်သူကို မွန်းကျပ်မူတွေနဲ့ ဒုက္ခမရောက်စေချင်လို့……ကျွန်မ အတ္တတွေထက် သူ့ ကိုပိုချစ်လို့လည်း  ကန့်လန်ကာနောက်ကွယ်က ဘoတစ်ခုကို ကျေနပ်စွာရွေးချယ်ခဲ့တာပါ။

သူနဲ့ကျွန်မ စတွေ့ ခဲ့ကြတဲ့ အဲဒီနေ့လေးဟာ ကျွန်မ ဘoမှာ အမှတ်တရတစ်ခုဖြစ်ခဲ့တယ်….. တကယ့်ကို ရင်ခုန်သံတွေ ဖရိုဖရဲ ဗရမ်းဗတာနဲ့ပေါ့။ မထိန်းနိုင် မသိမ်းနိုင် ပွင့်အံကျနေတဲ့ ကျွန်မရဲ့ ချစ်ခြင်းယိုဖိတ်မူတွေကြောင့်များ သူ ဖွင့်ပြောဖြစ်ခဲ့ရင်တောင်… .သေချာတယ်…အဲဒီအတွက်တော့ ကျွန်မ ဘယ်တော့မှ နောင်တမရဘူး။

ကျွန်မလေ………သက်ပြင်းတွေခဏခဏချလို့ အသက်တိုသွားမှာထက် သူ့ ကိုချစ်နေရတဲ့ အချိန်သက်တမ်းတွေ တိုသွားမှာကိုပဲ ကြောက်မိတယ်။  ဒီလိုပြောလို့ ကျွန်မဟာ အချစ်ကို ကိုးကွယ်တဲ့ မိန်းမလို့ ယူဆကောင်းယူဆပေမယ့်….တကယ်က ကျွန်မ အချစ်ကို မကိုးကွယ်ပါဘူး၊ ကျွန်မ ချစ်တဲ့ ချစ်သူကို အနိုင်းမဲ့ကိုးကွယ်မိတာ။

သူ့ဆီက ကျွန်မ ဘာကိုမှမမျှော်လင့်ဘူး….ဘာကိုမှ မတောင်းဆိုဘူး။
မူလဗီဇအချစ်တစ်ခုနဲ့ပဲ ကျွန်မ သိပ်ချစ်ရတဲ့ သူ့ ကို တသက်လုံးချစ်နေရရင် ကျေနပ်ပြီ။      

by Ei Shwe Yee Win

No comments:

Post a Comment