Friday, September 27, 2013

အလွမ်းတွေ သယ်ပိုးထားသော စာစုများ

        ခံစားမူ (၁)

လွမ်းရမှာကြောက်လို့ကို
ခံစားမူတွေနဲ့ ဝေးဝေးနေပါတယ်ဆိုမှ
ကံကြမ္မာမျက်တောင်တစ်ချက်အခတ်မှာ
အလွမ်းတွင်းထဲ ခြေချော်ကျတဲ့.....ကျွန်မ
ချစ်သူရေ....................................
နင်တောင်မသိတဲ့
အလွမ်းတွေ တပွေ့ တပိုက်ကို ထမ်းပိုးရင်း
ပြန်ဆုံကြမယ့်အချိန်အထိ ကြံ့ကြံ့ခံလျှောက်တော့မယ်ကွယ်။

           ခံစားမူ (၂)

အလွမ်းတွေနဲ့ ထုဆစ်ထားတဲ့
မျက်ဝန်းညိုတစ်စုံကို ငေးကြည့်ရင်း
ကျွန်မ.....ရင်ခုန်သံတွေ ဗရမ်းဗတာဖြစ်လို့.......
နှလုံးသားတစ်ခုလုံး ထွေးပွေ့ ထားရတဲ့
လွမ်းဆွတ်မူတွေ..........
ဆို့နင့်ပျောက်ဆုံးနေတဲ့ ဝါကျမဲ့စကားလုံးတွေနဲ့
ကျွန်မ......သူ့ ကိုနှူတ်ဆက်ခဲ့တယ်။

          ခံစားမူ (၃)

ချစ်သူရဲ့မျက်ဝန်းမှာ ဘာရောင်တွေရှိနေမလဲ........ကျွန်မ ဖတ်ကြည့်ချင်ခဲ့တာ။
မိုးတွေများ ညှို့နေမလား...... တစ်စုံတစ်ရာကိုများ သူမျှော်လင့်နေမလား?
ကျွန်မကတော့ ပြိုတော့မယ့် မိုးတစ်စုံကို မျက်တောင်လေးပါးပါးခပ်ပြီးထိမ်းလို့...
ဖွဖွနမ်းတဲ့ ချစ်သူ့အနမ်းတစ်ပွင့်နဲ့တင်
ကျွန်မ ခရီးစဉ်တစ်ခုကို ဖျက်ဝံ့တယ် ချစ်သူ။
သွားတော့နော်လို့ တိုးသက်စွာပြောတဲ့ ချစ်သူရဲ့ လက်တွေကို မလွှတ်ချင်ခဲ့၊
ခပ်တင်းတင်းပွေ့ ဖက်မိတဲ့ခဏမှာ....................
အိုကွယ်............ကျွန်မနှလုံးသား ကျွမ်းထိုးမှောက်ခုံဖြစ်ပြီ၊
ဟင့်အင်း...........လို့ ကျွန်မ မငြင်းချင်ခဲ့ဘူး
ချစ်သူရေ...........ကျွန်မတကယ်ရူးပြီ။
လှည့်ထွက်သွားတဲ့ ကျောပြင်တစ်စုံကို ငေးကြည့်လျက်က ပါးပြင်ပေါ်မိုးတွေရွာတယ်...........
ဟုတ်တယ် ချစ်သူ..................ကျွန်မ ငိုပြီ
ချစ်သူရဲ့ လည်ပြန်အကြည့်တစ်ချက်မှာ ခပ်မာမာမိန်းမ ကျွန်မ ဒူးထောက်မိမတတ်...........
ဒါပေမယ့် ခပ်ယဲ့ယဲ့ အပြုးတစ်ပွင့်ကိုတော့ အားတင်းချိတ်ဆွဲပေးခဲ့တယ်၊
ချစ်သူရေ.....အဲဒီနေ့ကပေါ့........................
အလွမ်းတွေ တပွေ့ ကြီးသယ်ပိုးရင်း ကျွန်မ ချည်တိုင်ပြန်ခဲ့တယ်။

by အိရွှေရည်ဝင်း
July 1, 2013 at 7:38pm

No comments:

Post a Comment