Friday, September 27, 2013

သမီးတို့ဟိုတယ်ကြီးမှာ ဇာတ်တူသားစားကြတယ် အမေ


ထမင်းတလုပ်အတွက်
အပြေးအလွှား ယောက်ယက်ခက်နေရတဲ့ရာဇဝင်
သမီးမှာ မရှိခဲ့ပေမယ့်
ထိုင်ခုံတော့ အလုခံလိုက်ရတယ် အမေ။
သမားရိုးကျတိုက်ပွဲတစ်ခုသာဆို
သွေးမြေကျရင်ဆိုင်ဖို့ သတ္တိအပြည့်ရှိပေမယ့်
အရှိုက်ထိသွားတဲ့ လက်သီးပုန်းဒဏ်.....
အမေရယ်......သမီး အသက်တောင်ယဲ့ယဲ့ရှူနိုင်တော့တယ်။
ဇာတ်တူသားတွေစားကြတဲ့
သမီးတို့ရဲ့ ဟိုတယ်လောကကြီးထဲမှာ
အစတေးခံလူငယ်တွေ ဘယ်နှစ်ယောက်ရှိသွားပြီလဲ?
မိသားစုတွေ.....ဇနီးမယားတွေ...မိအိုဖအိုတွေကို
လုပ်ကျွေးနေကျတဲ့ နိုင်ငံစုံက လူကြီး လူငယ်တွေ
မျက်ရည်ချောင်းစီးတဲ့ အဲဒီနေ့(၁၉.၉.၂၀၁၂)
ဟုတ်တယ်...အမေ
သမီးတို့ ဟိုတယ်မှာ ငရဲပျက်ခဲ့တယ်။
ယူကေက လာတဲ့ COOတဲ့.....
မျက်ဝန်းတွေထဲမှာ အရောင်လက်နေတဲ့ မျှော်လင့်ချက်တွေလင်းပြီး
သမီးတို့အားလုံး သူတို့ နွေးထွေးစွာ ကြိုဆိုခဲ့ကြတယ်။
အရင်က အလုပ်ချိန်ကျော်ပြီး မလုပ်ကြတဲ့သူတွေတောင်
ဂျူတီချိန်တွေ အပိုဆင်းလို့.........
အားလုံးရဲ့ မျက်နှာတွေမှာ တက်ကြွမူတွေနဲ့
အလုပ်တွေကို အလုအယက်ကြိုးပမ်းနေလိုက်ကြတာ.......
ဘယ်တွေးမိကြပါမလဲ....ဒီတပတ်လေးအတွင်းမှာ သူတို့ငရဲကျလိမ့်မယ်လို့နော်
ဒီလူကြီး တော်တော်ရက်စက်တယ် အမေရယ်
တနှစ်၂နှစ်သမားတွေမပြောနဲ့.......
လုပ်သက် ၄/၅နှစ်ရှိတဲ့သူတွေတောင် နိုးရီဇင်တဲ့
နီပါလီတွေ....ဘင်္ဂလားတွေ......အိန္ဒိယန်းတွေ.......ပါကစ္စတန်တွေ........ဖိလစ်ပင်းတွေ
စုစုပေါင်း ၃၅ယောက်တောင်ရယ်....
အို.....သူတို့အားလုံး ငိုနေကြပါလား
ငိုပြီပေါ့ အမေရယ်....
မသိနားမလည်စွာ အလုပ်ထုတ်ခံလိုက်ရတဲ့ကြားထဲ
ဌာနဆိုင်ရာအကြီးအကဲတွေက
ကိုယ့်ဝန်ထမ်းတွေဖက်က မရပ်တည်ပဲ
ရေနစ်ရာကို ဝါးကူထိုးကြတယ်...........အမေ၊
မလိမ့်တပတ်စာချုပ်မှာ ခံစားခွင့်မပါကြောင်း လက်မှတ်ထိုးခိုင်းသတဲ့
နားလည်လို့ မထိုးတဲ့သူများကျတော့ ချိန်းခြောက်ပြီးထိုးခိုင်းသတဲ့
မထိုးချင်လို့ မထိုးဘူးဆိုတဲ့သူများကျတော့မထိုးလည်း ထုတ်တယ်တဲ့...
အမေရယ်.....
သမီးရုံးခန်းထဲမှာ လာလာငိုကြတဲ့ သူတို့မျက်နှာတွေ
သူတို့ကို နှစ်သိမ့်ပေးနေလို့မှ အားမရခင်
မြည်နေတဲ့ ဖုန်းက......သမီးအတွက်တဲ့
ကြိုသိထားပြီးသားပေမယ့် သမီး စိတ်မခိုင်ဘူး အမေရယ်
စိတ်ချပါ အမေ.....
အမေ့သမီး လောကကြီးအလယ်ခိုင်မြဲစွာရပ်တည်လာတာ
ဆယ်စုနှစ်၃ခုရှိသွားပြီ............
မျက်ရည်ဆိုတာ ပျော့ညံ့တဲ့သူတွေမှကျတာ အမေ....
သမီးဆုံးဖြတ်လိုက်တယ်
အလုပ်သမားတွေအားလုံးရဲ့ ရပိုင်ခွင့်တွေကိုပြန်တောင်းရမယ်လို့.....
သမီးဆီကို မျှော်လင့်တကြီးရောက်လာတဲ့
ဒီဝန်ထမ်းတွေဟာ
တကယ်တမ်းတွေးကြည့်ရင်
ဆွေမတော်မျိုးမစပ် နိုင်ငံမတူကြသူတွေပါ။
ဒါပေမယ့် မတရားတာကို ငုံ့မခံတဲ့ အဖေ့အမွေက သမီးဆီမှာပါလာခဲ့တယ် အမေ
သမီးတစ်ယောက်ထဲ ကိုယ်လွတ်ရုန်းထွက်ပစ်လိုက်ဖို့ထက်
ဒီလူတွေရဲ့ ရပိုင်ခွင့်တွေအတွက်
သမီးမသွားချင်တဲ့ ဒူဘိုင်းအင်မီဂရေးရှင်းရုံးကြီးဆီကို ခြေဦးလှည့်ရဦးမယ်
သမီး မပြုံးနိုင်ပေမယ့် သူတို့တွေရှေ့မှာ မျက်နှာဖုံးတပ်ရဦးမယ်
အမေရယ်........
ထမင်းတလုပ်အတွက်
အပြေးအလွှား ယောက်ယက်ခက်နေရတဲ့ရာဇဝင်
သမီးမှာ မရှိခဲ့ပေမယ့်
အဲဒီ့နေ့က ထိုင်ခုံအလုခံလိုက်ရတယ်..................................။       ။

by အိရွှေရည်ဝင်း
September 21, 2012 at 8:26pm

No comments:

Post a Comment